Sunday, December 28, 2014

ကဗျာဘူကေး ၅

Zawgyi Version

” အမေ့ခေါ်သံ ”

အရုဏ်အတက်
ကုလားတက်ခေါက်သံကြားတော့
သား နိုးနေပြီ အမေ
သားက ဧည့်သည်
အမေ့အိမ်မှာ သားဟာ
ဧည့်သည်ပါ။

အိမ်ကထွက် ရွာဘက်ကခွာ
မြို့ကိုတက် ပညာရှာ
နှစ် သုံးဆယ်ကြာတော့
ပညာပါမက ကြင်ရာပါမက
ရင်အနာပါ ရခဲ့ပေါ့
အသက်က ၄၀ လွန်
မျက်မှန်ကတစ်လက် ဂုဏ်နဲ့စက်ပြီး
မနက်ကဝယ်လာ ညနေမှာတပ်
ရပ်ရွာကိုတွေး စာကိုရေးတော့
ကလေးကလားနဲ့ သားရဲ့ဝါသနာ
(ခွင့်လွှတ်ပါ)
အမေ့ဖို့စာ ကဗျာနဲ့ပဲ ရေးမိတယ်။

တစ်ခုသောည
ညဉ့်နက်လှပြီ
ရှိသမျှ မြေးသား
လသာသာ ကွင်းကျယ်ကျယ်
မျောက်အုပ်လယ် ယုန်ရောက်သလို
ခုန်ခုန်ပေါက်ပေါက်နဲ့ မီးတောက်အောင်ကစားလို့
မောမှသာနား၊ အိပ်သွားကြပြီ
နွားနှစ်ကောင် စားမြုံ့ပြန်လို့
ခြူသံကြိုးကြား
အမြီးဖျား တဖျပ်ဖျပ်
ခြင်ယပ်တာလည်း ကြားရပြီ။

အမေရယ် သားရယ်
ရေနွေးကရားရယ်
နွားလှည်အိုထက်၊ ကြယ်ပြိုးပြက်မှာ
ထန်းလျက်တစ်ကိုက်၊ ရေနွေးတစ်ကျိုက်
လျောင်းလိုက်၊ ထိုင်လိုက်
တိုးလိုက်၊ ကျယ်လိုက်နဲ့
မငိုက်စတမ်း၊ မသမ်းမဝေ
စကားအထွေထွေကို
သားနဲ့အမေ၊ မနားမနေပြောခဲ့ကြ…
အဲဒါတွေ သတိရပြီး
တစ်စကဗျာ၊ သီမိပါခဲ့။

ဆွေကြီးမျိုးကြီး
သွေးသောက်ကြီး၊ ခုံမင်းကြီး
မြို့သူကြီး၊ ရွာသူကြီး
မြေရှင်ကြီး၊ ထန်းရှင်ကြီး
ဘိုးကြီး ဘွားကြီးများ…
ဘုရားထူးခံကြတဲ့အကြောင်း။

ငွေဓားတစ်ချောင်း၊ ကြေးမောင်းတစ်လုံး
နှစ်လုံးပြူး သေနတ်နဲ့ လက်မှတ်ရရွာသူကြီး
နှစ်ဖက်သော ဘိုးကြီးတွေ
ဘယ်မြေ ဘယ်ကမ်း
ဘယ်ထန်း ဘယ်ထင်း
ဘယ်ကွင်း ဘယ်ရိုး၊ ဘယ်ကို လက်ညှိုးထိုးမလဲ
မလွဲတမ်းပိုင်ကြ မြေစုမြေခွန်၊ မြေကျွန်တွေ တရုံးရုံးနဲ့
သုံးမကုန် လှူမခန်း၊ ချမ်းသာစွဆိုတဲ့အကြောင်း။

မြို့ကြီးနဲ့ကွာ၊ ကျေးတောရွာမှာ
တူတန်တာမရှိ၊ ပျင်းရိအားယား
လူပျိုကြီး အပျိုကြီး ဦးကြီး ဒေါ်ကြီးများကြားမှာ
ဟောဒီကသား
ဘယ်ရာသီ ဘယ်လိုဖွားလို့
ဘယ်အခါ ဘယ်လိုဖျားပြီး
ဘယ်အရွယ် ဘယ်လိုစကားနဲ့
ဘယ်လိုသွား ဘယ်လိုလာတဲ့အကြောင်း။

ဂျပန်ခေတ်က
ဖက်ဆစ်ဂျပန်၊ တော်လှန်သူများ
မောင်များ မတ်များ၊ တူသားများဟာ
ယခုအခါ ရွာအရှေ့ထိပ်
ညောင်ညိုရိပ်မှာ
ကာကီအကျႌ ကိုင်းမှာချိတ်
ပြောင်းဖူးဖက် ဆေးလိပ်နဲ့
ပုတီးစိပ်သူ စိပ်တဲ့အကြောင်း။

ထန်းရည်အိုးကိုဖက်၊ ထန်းရွက်ကိုခင်း
ထန်းပင်ရင်းမှာ
အိပ်သူ အိပ်တဲ့အကြောင်း။

တချို့က ထွန်စက်မောင်း
ပြောင်းရိုးစဉ်းစက် ခုတ်သူခုတ်။
တချို့ပိန် တချို့ဝ
တချို့က သမ၊ တချို့က ဝိသမ။
တချို့က အရညဝါသီ
တချို့က ဂါမဝါသီ
နီသူနီ ပြာသူပြာ။

မဟာဆွေ အစ မဟာစည်အဆုံး
ဘဂျမ်း (တင်မိုး)၊ သာနိုး (ဆံရှည်)
ကျူသေ ကျူရှင်၊ ဗေဒင် ယတြာ
ရိပ်သာအဆုံး…
အမုန်းအချစ်၊ ကဗျာသစ် စာသစ်
အညှစ်အသတ်၊ အပစ်အခတ်နဲ့
အညစ်အပတ်များအကြောင်း။

ဆရာလွမ်းမှသည် ဆရာစွမ်းအထိ
ခင်မောင်ရင်မှသည် ခင်မောင်ချင်းအထိ
ကျီးသဲလေးထပ်မှသည် ကမ်းနားခြောက်ထပ်အထိ
ဗန်းမော်ဆရာတော်မှသည် ဗန်းမော်တင်အောင်အထိ
အင်းလျားကန်မှသည် ကြာနီကန်အထိ
စိုင်းထီးဆိုင်မှသည် ကွမ်းယာဆိုင်အထိ
ဘိန်းဖြူမှသည် ဘိန်းပြာ ဘိန်းဝါအထိ
မှတ်မိမှတ်ရာ၊ ဖတ်မိဖတ်ရာ
စပ်မိစပ်ရာတွေအကြောင်း။

အမေရယ်၊ ကျွန်တော်ရယ်
ဗန်းမော်တင်အောင် ထောင်ကအထွက်
ထန်းလျက်ကျွေးရင်း၊ ရှေးဟောင်းနှောင်းဖြစ်
“လွမ်းရစ်တော့ သက်လှယ်ရယ်”
“ဘုန်းမောင့် တစ်ယောက်တည်းရယ်”
“… တော့ကာသာဘဲရယ်”
ငယ်စာ ငယ်စကား၊ သားနဲ့အဖေ
စာတွေ ပေတွေထဲမှာ သူရဲကောင်း ရှာခဲ့တဲ့အကြောင်း။

အဖေရယ် ကျွန်တော်ရယ်
လယ်ပြင်ပေါ် ပြောင်းခင်းကြား
ပြောင်းဖူးဖုတ်စားရင်း
သေနတ်နဲ့ဓား၊ တစ်လှည့်စီကစား
သားတစ်ပြန် ဘတစ်ပြန်
အအုပ်နဲ့အခံ၊ ကာရန် ကစားခဲ့တဲ့အကြောင်း။

ညီငယ်နဲ့ ကျွန်တော်
လျှော်ခွာတဲ့ ချောင်းအစပ်
မနော်နွယ် ဘင်္ဂလား
သရက်ရွမ်းများ ခတ်ရင်း
နောင်သိဒ္ဓတ် ကြာခြည်လှပ်ဆဲ
စိတ်ပြတ်နဲ့ မင်းနန်၊ နောင်တော်ကို ချန်
ဆံတော်ကို မချ၊ သပိတ်သံ မပြဘဲ
နိက္ခမ ကျင့်တဲ့အကြောင်း။

မိခွေးရယ်၊ မိအေးရယ်
ကျွန်တော် ငဝက်ရယ်၊ အဒေါ် ဒေါ်ကြွက်ရယ်
ကြက်သွန်ကျင်း ရေလောင်း၊ ဆေးခင်း ပေါင်းပေါက်
ဝါကာက် ပဲတူး၊ ဆေးခူး ဆေးလှန်း
ထမင်းကြမ်းနဲ့ ထန်းရည်ချို
ချိုချိုမွှေးမွှေး၊ အသည်းအေးအောင်
အမြဲလွေးကြတဲ့ အကြောင်း။

ဝါခင်းအစပ်၊ မားမတ်တဲ့ ပင်လက်ပံ
ဆက်ရက်တွေ ချိုးတွေ ညိုးညိုးညံတော့
ရွာအပြန် ခရီးတစ်ထောက်
လက်ပံပွင့်ကြွေ လေထီးတွေကို
သမီးတွေနှစ်ယောက်၊ သားတစ်ယောက် လုယက်လို့ ကောက်ကြ
သုံးယောက်ရဲ့အသံ၊ တောလုံးလျှံ
ကိုးယောက်လို ညံတဲ့အကြောင်း။

ဘိုးဘွားကုသိုလ်၊ ကန်ပေါက် လျှိုစောင်း
နွားသိုးနှစ်ကောင်၊ ဖိုးမောင် ကျောင်းလို့
ထနောင်းလဲ တုံး၊ ထန်းလဲ ပြုန်းတဲံ
သင်္ချိုင်းကုန်းက၊ သုံးပင်ဇရပ်
ကြက်လျှာဆူး၊ နဘူးပတ်ချိန်
သွပ်ချပ်အမိုးကို၊ သူခိုးတွေခွာတော့
မြို့ပေါ်မှာ သေတ္တာဖြစ်
ရွာဦးကျောင်းက၊ ခေါင်းလောင်းတွေလဲ
မမြဲအနိစ္စ၊ သင်္ခါရနယ်ထဲ
လှည်းသမား ထွန်စက်မောင်း
ရွာခေါင်း ရပ်ခေါင်း၊ ဘာခေါင်းမှ မကျန်ရစ်
ကဗျာမှာ စာမှာ၊ ငါ ငါ ငါနှင့်
ငါ သူတစ်ပါး၊ ကျားကျားမမ
တစ်နေ့ကျတော့
သင်္ခါရ တံခါးပေါက်ကို အလျားမှောက်ပြီး
ခေါက်ရမှာ ဖြစ်တဲ့အကြောင်း။

ဟိုအကြောင်း၊ ဒီအကြောင်း
အကြောင်းမျိုးစုံ၊ ဖြစ်မျိုးစုံ
ပြောမကုန်၊ မရိုးနိုင်
သန်းခေါင်တိုင်၊ သန်းလွဲကျော်
ကျွန်တော် အသိသား
စကားဟာ ပဓာန မဟုတ်ဘူးလို့။

ဒီသား….
အကြီးသား၊ ဘရီးဘရား
တဒီးလွှားလွှားနဲ့၊ မကြီးပွားသူ ခရီးသွား နက္ခတ်နဲ့၊ ယှဉ်ကပ်လို့ဖွား
ဗွေပါတဲ့ ဖဝါးနဲ့ အဝေးဆုံးသွား
အငေးဆုံးသား
အမေ့နားကို၊ ကြိုးကြားရံခါ
ခဏသာ လာတဲ့သူ။

သားဖြစ်သူ၊ အပါးက
သွားချေ၊ နားချေ၊ အိပ်ပါချေ
ဆိုပေမယ့်လဲ
အမေ မသွား၊ အမေ မနား
သား သက်လျာကို၊ ကြံုလာတုန်းမှာ
ပြံုးကာ ရယ်ကာ၊ ပုတ်ခတ်ကာနဲ့
ကြည့်ကာမဝ
သန်းခေါင်ကျော် သန်းလွဲကျမှ
ခဏဖယ်ခွာ
အမေ မှေးရုံ မှေးရှာတယ်။

အရုဏ်အတက်၊ ကုလားတက်သံအကြား
နွားစာအကျွေး၊ ဆန်အဆေး
မြေးတစ်ယောက်ကိုနှိုး၊ တီးတိုးတီးတိုးနဲ့
ရွာရိုးကို လျှောက်ခဲ့
သားမြေးတွေ သောက်စရာ
နွားနို့ရှာ ဆိတ်နို့ရှာ
သကာလုပ် မုန့်ဖုတ်
အမေ အလုပ်ရှုပ်ခဲ့ပြီ။

ခေါင်းပေါ်မှာ တဘက်တင်
အိမ်စဉ် အနှံ့သွား
ယုန်သားဝယ်၊ ဂျံုသကြားဝယ်
ရက်ကန်းရှယ်သလို
ရွာလယ် ရွာရိုး၊ လွန်းထိုး လာသွား
ငှားလိုက် ချေးလိုက်၊ ကျွေးလိုက် တိုက်လိုက်
ချက်ပြုတ်လိုက်နဲ့၊ ချွေးပြိုက်ပြိုက်ယို
အမေအို
သားကို ကျွေးလို့ မောတယ်မရှိ။

သြော်…. ခုအခါ
အမေ့ရွာ သားမရောက်
သုံးနှစ်လောက် ကြာခဲ့ပြီ။

အမေ့စာ
“သား၊ အမြန်လာ” တဲ့
ပြေးဟာ လွှားဟာ၊ ရုန်းဟာ ကန်ဟာနဲ့
ကဗျာတစ်ပုဒ်၊ စာတစ်ဆုပ်
လက်လုပ်လက်စား၊ အမေ့သား
ဓားတောင် မဆီး၊ မီးပင်လယ် မခြား
အမေ့ခေါ်သံ ကြားသော်လည်း
ဝမ်းသမုဒ္ဒရာ၊ အူဂင်္ဂါခြားတာကြောင့်
သား မလာ၊ မြေး မလာ
ကဗျာတို ပူပုံပန်းနှင့်
စာတစ်ညို၊ လူကြံုကမ်းရတယ်။

အမေ စားဖို့
ဘားပလက်၊ တစ်ဘူး နှစ်ဘူး
ကလူးကိုး တစ်ထုပ်စ နှစ်ထုပ်စ
တစ်နှစ်မှ တစ်ခါ နှစ်ခါ
စတိသာ ပို့အားတဲ့ သားခမျာ
အမေ ပေးတဲ့
ဆယ့်လေးတန်း ပညာနဲ့
မြို့ပေါ်မှာ သောင်တင်
ကလောင်မင် အက်ဆစ်စွက်
ဟိုပက် ဒီကော် တစ်နေ့သော် ပိုင်နိုး နိုင်နိုးနဲ့
ဝေဖန်ရေး ကျားဆိုးကို
အားကြိုးမာန်ခဲ အမြီးကို ဆွဲမိပေါ့။

သြော်…. အမေ့ရွာ သားမရောက်
သုံးနှစ်လောက် ကြာ၊ သုံးဝါ ရွှေ့ဆိုင်း။

“မလာဖြစ်နိုင်ဘု၊ ဝါခေတ်တစ်ခါကုန်တော့” လို့
တေးအကြံု ရှေးပုံနဲ့ လွမ်းလိုက်ကဲ့
ဆန်ပန်း တပြာပြာ၊ အိမ်ကြမ်း တခါခါနဲ့
နွားပြာ တသသ၊ ဝါးဖျာ တမမ
စားစရာ တချချ
အများတကာကို သားစာပြပါလို့
အိမ်ဝမှာ အမေကြိုရော့
နေညိုချိန်တိုင်း။

မောင်စွမ်းရည်

Monday, December 22, 2014

ကဗျာဘူကေး ၄

Zawgyi Version

ငါကတော့ မြက်ဖိနပ်နဲ့
ဒါပေမဲ့
မြင်းမိုရ်တောင်ကိုလည်း လိုက်တက်ခဲ့မယ်။
သွားနှင့်ကြပါ။

ဟိုးမှာ
ဘုရားသခင်ရှေ့တော်မှောက်က
အိပ်မက်တွေ ဒူးထောက်လဲကျနေတဲ့သူ
သူ့ကို ကူပါရစေဦး။

ငါ့ရှင်တို့က ဘာလဲ
ငါကကော ဘာလဲ
နာမည်တွေ မြေကြီးပေါ် ပစ်ချပြီး
လှလှပပ ပြိုင်ရဲပါတယ်။
တစ်နေ့တော့တွေ့ကြမယ်။

နှစ်ဖက်သွားဓားတစ်လက်လို
ပြိုးပြက်ဝင်းဖိတ်
သုညဂူမှာလည်း ငါမှေးအိပ်ခဲ့ပြီးပြီ။

အိမ်အပြန်လမ်း
အမေနဲ့တွေ့မှ နမ်းမယ့်
ငြိမ်းချမ်းရေးနှင်းဆီ
ငါ့ရင်ဘတ်မှာ
သွေးတစ်စက်လို နီနေတယ်။

ချစ်သူကလေးရေ
မြို့တံခါးကိုဖွင့်
မီးအိမ်တို့နှင့် အတူကြိုပါ
လရောင်စက်တဝေဝေနဲ့
သင့်ရဲ့ နွေရာသီမြင်းစီးခရီးသည်
ဓူဝံထက်မြင့်တဲ့ ကြယ်ကို
ခူးယူလာမှာပေါ့ကွယ်။

တာရာမင်းဝေ
(ပန်းခေတ်ကလမင်း)

Sunday, December 14, 2014

ကျွန်တော်နှင့် စကားတက္ကသိုလ်နေ့ရက်များ (၁)

Zawgyi Version

ငါမမေ့၍
ဆောင်းနေ့တစ်ရက် ၊ ငါမြင်မက်သည်
အိမ်မက်ထဲက တက္ကသိုလ် . . . ။
မြရည်ပိန်းပိန်း ၊ မြက်ခင်းစိမ်း၌
ရှိမ်းရှိမ်းနုနု ၊ ပုရစ်ဥနှင့်
နုနေပေဆဲ . . . နှင်းငွေ့ထဲ . . . ။
(ပျဉ်းမနား မောင်နီသင်း)

အဲဒီနေ့က ခပ်ရို့ရို့တိမ်တစ်အုပ်နဲ့ နေသာတဲ့ သြဂုတ်လရဲ့ပုံမှန်မနက်ခင်းတစ်ခုပါပဲ။ အများသူငါတွေလို တက္ကသိုလ်ကျောင်းသားတစ်ယောက်ရဲ့ဘဝကိုရင်ခုန်ပြီး မနက်အစောကြီးထဖြစ်တဲ့ နေ့မဟုတ်ခဲ့တာတော့ သေချာ တယ်။ ကျောင်းစဖွင့်တာလည်း နှစ်ပတ်လောက်တောင် ရှိနေမင့်ကိုး။

ပြင်သစ်ဘာသာတက်ခွင့်ရထားတဲ့ အောင်မြတ်က မန္တလေးတက္ကသိုလ်အရှေ့ဘက်မှာရှိတဲ့ ကျွန်တော့အိမ်ကို ဝင်ခေါ်တယ်။ သူနဲ့ကိုယ်နဲ့က ဆယ်တန်းပြီးတော့ အင်္ဂလိပ်စာသင်တန်းတစ်ခုမှာ စတွေ့ကြတာ။ ဆယ်တန်းပြီးမှ သိပေမယ့် သိပ်မကြာပါဘူး ငယ်ပေါင်းတွေလို ရင်းနှီးသွားတာပဲ။ ကျောင်းစတက်မယ့်နေ့ဆိုတော့ ဘာသင်မယ် မသိသေး။ စာသင်ခန်းဘယ်နားရှိလည်း မသိသေးတော့ ဗလာစာအုပ်တစ်အုပ် လွယ်အိတ်ထဲထည့်ပြီး နှစ်ယောက် သား စက်ဘီးကိုယ်စီနဲ့ ချီတက်ခဲ့ကြတယ်။

သိတဲ့အတိုင်း မန္တလေးတက္ကသိုလ်ဝင်း အနောက်တောင်ထောင့်က လေးထပ်ကျောင်းဆောင်ကြီးဟာ ကျွန်တော်တို့ ချစ်တဲ့ တက္ကသိုလ်ကြီးပေါ့။ အားလုံးကတော့ လေးထပ်ဆောင်လို့ အလွယ်ခေါ်ကြတယ်။ ပထမဆုံးတွေ့တဲ့အထပ်ကို ပထမထပ်ဆိုရင်တော့ လေးထပ်ဆောင်ပါပဲ။ ဒါပေမယ့် ပထမဆုံးတွေ့တဲ့အထပ်ကို မြေညီထပ်လို့ခေါ်မယ်ဆိုရင် စတုတ္ထထပ်က တတိယထပ် ဖြစ်သွားရော။ British English နဲ့ American English ရှုပ်ကြသပေါ့လေ။ နောက် လည်း ဌာနတွေ၊ အခန်းတွေ လမ်းညွှန်တိုင်း ခဏခဏ နားလည်မှုလွဲတာပါပဲ။ ဂျောက်ချလို့လည်းကောင်းသပေါ့ လေ။

ကျောင်းရောက်တော့ ကော်ရစ်ဒါမှာ သန့်ရှင်းရေးတချို့ တံမြက်စည်းလှည်းနေကြတယ်။ ပထမထပ်တောင့်ချိုးက အောင်မြတ်တက်နေတဲ့ ပြင်သစ်စာသင်ခန်းကို ခနဝင်ကြည့်တယ်။ အာ ဘေ စေ ဒေ တွေကျော်လို့ ကွန်မွန့်တာလေဗူး တွေ ဆာဗားတွေ.. ဘာတွေ လုပ်နေကြပြီ။

အောင်မြတ်က အင်္ဂလိပ်စာအတန်းဘက် လိုက်ပို့မယ်ဆိုလို့ အင်္ဂလိပ်စာ ဌာနဘက်ကို အတန်းရှာ ထွက်ခဲ့ကြတယ်။ ကျောင်းဖွင့်တာ လဝက်တောင်ကျော်ပြီဆိုတော့ အောင်မြတ်က သူ့အတန်း နဲ့သူ အသားတကျဖြစ်နေပြီ။ ကိုယ်သာ မွေးဆေးက ကျောင်းပြောင်းလာရတာမို့ သူများတွေထက် နောက်ကျနေရတာ။

အင်္ဂလိပ်စာဌာနက ခပ်မြင့်မြင့်ပဲ။ (အင်္ဂလိပ်စာဌာနက ခပ်မြင့်မြင့်ဆိုလို့ တရုတ်ဌာနက သိပ်ကျေနပ်မယ်မထင်ဘူး။ ဒီဌာနနှစ်ခုပဲ အပေါ်ဆုံးထပ်မှာရှိတာ)။ လေးထပ်ဆောင် အပေါ်ဆုံးအထပ် အနောက်ဘက်ထာင့်စွန်းမှာရှိတာ ဆိုတော့ အတော်တက်ယူရတယ်။

စာသင်ချိန်ဆို ဌာနမှာဆရာဆရာမတွေနဲ့ စည်ကားနေမယ်မှတ်တာ။ ဌာနရှေ့ရောက်တော့ အထဲမှာ ဆရာ၊ ဆရာမတစ်ယောက်မှ မတွေ့ဘူး..၊ အသက်ကြီးကြီး အသားခပ်ညိုညို အဝတ်ခပ်နွမ်းနွမ်းနဲ့ သန့်ရှင်းရေးလို့ ထင်ရတဲ့ အမျိုးသမီးကြီးတစ်ယောက်ပဲ တံမြက်စည်းလှည်းနေတာတွေ့ရတယ်။

ကျွန်တော်တို့ နှစ်ယောက်မြင်တော့ ” ယူတို့ ဘာလာလုပ်ကြတာလဲ၊ အိုင်ဘာလုပ်ပေးရမလဲ ” ဆိုပြီး ယူတွေ အိုင်တွေနဲ့မေးတယ်။

” ကျွန်တော်တို့ အင်္ဂလိပ်မေဂျာအခန်းလိုက်ရှာနေကြတာပါ ” လို့ တစ်ယောက်ကိုတစ်ယောက် မျက်စပစ်ရင်းပြန် ဖြေလိုက်တယ်။

အဲဒီတော့ ” ယူတို့ဘာလို့ နောက်ကျနေတာလည်း သင်ခန်းစာတွေလွတ်ကုန်တော့မှာပဲ ” လို့မည်တွန်တောက်တီး နေသေးတယ်။ အမျိုးသမီးကြီးက တံမြက်စည်းကို နံရံမှာ အသာကပ်ထောင်လိုက်ပြီး ” လာလာ အိုင် လိုက်ပို့မယ် ” လို့ပြောရင်း စာသင်ခန်းရှိတဲ့ဆီ လိုက်ပြတယ်။ ခပ်ဝေးဝေးပါပဲ ဌာနနဲ့တစ်ခန်းကျော်မှာတင် သင်နေတာရယ်။

အတန်းရှေ့ကိုရောက်တော့ မီးပုံးပျံအကျီကြီး ဝတ်ထားတဲ့ ဆရာမတစ်ယောက် စာသင်နေပြီ။ (ဆရာမက ကိုဝင်းကြည် နဲ့ အဲလေ..ကိုယ်ဝန်ကြီးနဲ့မို့ မီးပုံးပျံအကျီကြီးဝတ်ထားတယ်လို့ပြောတာ)။ ကျွန်တော်တို့ကိုမြင်တော့ စာသင်တာ ခဏရပ်ပြီး ဆရာမက လှမ်းကြည့်တယ်။ ( ဆရာမတစ်ယောက်ရှေ့မှာရပ်နေလို့သာ စာသင်နေတယ် ထင်ရတာ၊ ကမ္မဌာန်းကျောင်းအလားမှတ်ရတယ်၊ ငြိမ်ဆိတ်နေတာပဲ)။

လိုက်ပို့တဲ့အမျိုးသမီးကြီးက ” တီချယ်ရေ ဒီမှာ ယူ့ ကျောင်းသားနှစ်ယောက်နောက်ကျနေလို့ ” လို့လှမ်းပြောတယ်။ ကျွန်တော်က ” နှစ်ယောက်မဟုတ်ဘူးခင်ဗျ တစ်ယောက်ထဲပါ။ သူက ပြင်သစ်က ကျွန်တော့ကို လိုက်ပို့တာ ” လို့ ပြန်ဖြေရင်း ဒီအတန်းပြီးရင်တွေ့ဖို့ လက်နဲ့အချိန်းအချက်ပြီပြီး အတန်းထဲကိုဝင်ခဲ့တယ်။ အောင်မြတ်လည်း သူ့ အတန်းသူ ပြန်သွားလေရဲ့။

ထိုင်ဖို့နေရာကြည့်လိုက်တော့ တစ်တန်းလုံး ပုပုကွကွ အဲလေ နုနုရွရွ မိန်းကလေးတွေ ချည်းပဲ ၄၀ ကျော်လောက်ရှိ မယ်။ ယောကျ်ားလေးဆိုလို့ တစ်ယောက်ပဲတွေ့တယ်။ (နောင်တစ်ချိန် ကိုကိုကင်းဖြစ်လာမယ့်သူပေ့ါ)။ ဒါနဲ့ပဲ ဘေးဘီ ကြည့်ရင်း လွတ်တဲ့ခုံတန်းမှာ ဝင်ထိုင်လိုက်တော့ ဆရာမကမေးပါလေရော။

” ကဲ တီချယ်ကြီးကိုယ်တိုင်လိုက်ပို့ရတဲ့ ကျောင်းသား ကိုယ့်ကိုယ်ကို မိတ်ဆက်ပါဦး ” တဲ့။

ဗျာ ” ဘယ်က တီချယ်ကြီးလည်း ” လို့ ကျွန်တော်က ပြန်မေးတော့ ဆရာမက မျက်လုံးကြီးပြူးပြီး ပြန်ကြည့်တယ်။

စကားတက္ကသိုလ်နေ့ရက်တွေက အဲဒီလိုအလွဲတွေနဲ့ စတာပဲကိုယ့်လူရေ့။ ကိုယ်တွေသန့်ရှင်းရေးလို့ထင်တဲ့ တံမြက်စည်းလှည်းအမျိုးသမီးကြီးက ကိုယ့်တို့ အင်္ဂလိပ်စာဌာနမှှုး ပါမောက္ခဆရာမကြီး ဒေါ်ကတ်သရင်း(Prof Catherine) တဲ့။



Thursday, December 4, 2014

ကဗျာဆရာနဲ့စကားစမြည်

Zawgyi Version

ကဗျာဆရာဖန်တီးထားတဲ့
ဒီဇင်ဘာနေ့လယ်ခင်းဟာ
ပြောရရင်
ထိလွယ်ရှလွယ် အခြေအနေ

“အချစ်ခံရသူရဲ့ ဒုက္ခက မသေးဘူးဗျ”
ဆိုင်းမဆင့်ဗုံမပါ
ကဗျာဆရာ့အသံဟာ
ကုတ်ဘူးဖောက်သံနဲ့ မသဲကွဲ..

ဒီလိုနဲ့ပဲ
နှုတ်ကထုတ်မပြောပေမယ့်
ကဗျာဆရာ လဲခဲ့ဖူးတဲ့
ကမ္ဘာတစ်ခုနဲ့အပြံုးလေးတစ်ပွင့်အကြောင်း
ရင်ဘတ်နဲ့ကြားမိတယ်။

အချိန်ကိုတိုက်စားတဲ့
ချစ်ခြင်းမေတ္တာဟာ
မတောင်းဘဲပြည့်တဲ့ ဆုလေလား
မတောင်းဘဲပြည့်တဲ့ ဝဋ်လေလား

ကမ္ဘာတစ်ခြမ်းလင်းဖို့
ရည်ရွယ်ချက်ရှိရှိ
ကမ္ဘာတစ်ခြမ်းမှောင်ပေးခဲ့လေသလား

ဘယ်လိုပဲဖြစ်ဖြစ်
အရာရာဆုံးရှုံးဖူးသူရဲ့
တစ်ကိုယ်ရေ အိပ်တန်းပြန်ညနေဟာ
အလဲလဲ အကွဲကွဲ အထီးကျန်ဆဲပါပဲ

ဘူတာရုံမှာ
မြင်မြင်သမျှ
အလွမ်းတွေ သည်းအောင်ရွာနေတယ်
တော်ပြီကွယ်
ငါပြန်တော့မယ်

ခပ်ဝေးဝေးအလင်းဆိုင်ထဲက
ကြယ်တွေစုံတဲ့ညကို
စိတ်မှတ်နဲ့ လိုက်ညည်းမိတော့
ကမှုးရှုးထိုး ကားရောင်စုံနဲ့
ကွန်ကရစ်တောအုပ်ကြားက
ပလက်ဖောင်းကျဉ်းဟာ
အမေ့အိမ်ကို ပြန်တဲ့လမ်းဖြစ်သွားတယ်

နောက်ပြီး
“ဘဲကြီး ကဗျာတွေရေးဦး” လို့ပြောတဲ့
ကဗျာဆရာရဲ့အသံကိုကြားတယ်။

မိုးငယ်
၄ ဒီဇင်ဘာ ၂၀၁၄

Monday, December 1, 2014

စိတ္တဇ

Zawgyi Version

မျက်ရည်တွေ အလျားလိုက်ရွာကျတဲ့နေ့က
အပြာပြန့်ပြန့် ကောင်းကင်ထဲမှာ
ငါ့ကိုယ်ငါ ပြန်ရှာမရခဲ့ဘူး
ဒီလိုနဲ့
ပင်လယ်ပြင်ဟာ အဝါဖြစ်လာခဲ့တယ်။

နေသားတကျ အိပ်ရေးပျက်မှုက
အသည်းကို ထိခိုက်ပျက်စီးစေသတဲ့လား
ပြောရရင်
သွေးလွှတ် သွေးပြန်ကြောတွေနဲ့
ဇီဝဓာတ်ပေါင်းတွေအကြောင်း
ကောင်းကောင်းနားမလည်ပါဘူးကွယ်။

နင့်ကျောင်းက ခေါင်းလောင်းသံလေး ပျ့ံမွှေးဖို့
ငါ့အသက်ရှုသံကို တိုးတိတ်
ဘယ်လိုညတွေဖြစ်ဖြစ်
နင်ကတော့ ပျော်အောင်အိပ်ပါ။
အိပ်မက်လှလှလည်း မက်ပါ။

မှောင်နေတဲ့ ငါ့အတွက်တော့
ဟိုး သမိုင်းဦးဘုံမြေခေတ်က
အနားမညီတြိဂံတစ်ခုလို
စိတ်ရှိလက်ရှိပြန်ချံု့ရင်း
ငါ့ရင်ဘတ်ကို အသာအယာဆွဲပိတ်
ကျောက်ရုပ်လို အသံတိတ်နေလိုက်ပါ့မယ်…။

မိုးငယ်
၂၉ မတ် ၂၀၁၄

Saturday, October 18, 2014

ကဗျာဘူကေး ၃

Zawgyi Version

” ဒိုင်ယာရီရဲ့ နောက်ဆုံးစာမျက်နှာ “

နှင်းစက်လက်တွဲခိုနေတဲ့ စံပယ်အိုလေးရေ..
ဒီလကွယ်ညမှာပဲ
ဆုပ်ကိုင်ထားတဲ့လက်ချောင်းတွေကို
ဖြည်ချလိုက်ပါတော့။

တချို့လူတွေက
ဘဝမှာ ကြယ်တွေ ကြွေကျခဲ့သတဲ့
ငြိမ်သက်စွာ ခရီးနှင်ကြဦးပေါ့ကွယ်
ကိုယ့်မှာက..
နေတွေ လတွေတောင် ကြွေကျခဲ့ဖူးပါတယ်။

သွားတော့မယ်နော်..
ကံကြုံရင် ပြန်ဆုံကြဦးမှာပေါ့လို့
ကံမကောင်းသူတို့ရဲ့ မှိုင်းညို့သောလမ်းခွဲ
ကျောက်စရစ်ခဲတွေ အပြိုင်းအရိုင်း လွင့်ကြဲနေတယ်။

(ဘာဖြစ်ဖြစ် ကိုယ့်အပြစ်ပါပဲ)
လေရိုင်းတွေ ၀ိုင်းဝန်းကိုက်ခဲကြတဲ့
မီးလျှံစတစ်ခုလို ပြာညိုယိမ်းထိုး
ပြက္ခဒိန်မှာတော့ နက်ဖြန်ခါဟာ နာမည်ဆိုး မရှိပါဘူး။

ဒါပေမယ့် …
လွမ်းဆွတ်နေသူ တစ်ယောက်ရဲ့
ကြောက်မက်ဖွယ်ရာ အိပ်မက်များ
နှင်းဆီချွေ ရထားမှာ စူးစူးဝါးဝါး ဥသြဆွဲပစ်လိုက်တယ်။

ဒီည ..
နောက်ည ..
ဘယ်လိုမှ နိဂုံး ချုပ်မရပါဘူး
ဘီလူးဖမ်းသလို ကြမ်းတဲ့ လင်္ကာ
ငှက်ဆိုးတွေအိပ်မှ
တိတ်တဆိတ် ကိုယ်ရေးလိုက်ပါတယ်။

“ပျော်ခွင့်မပိုင်သော
ဒိုင်ယာရီ၏ နောက်ဆုံး စာမျက်နှာ ထက်၌”
နတ်သူရူးတွေ ကြဲပက်တဲ့
ကောင်းကင်ဘုံ အက်ဆစ်တစ်စက်လို
ရှအက်ကြေကွဲ ရှ…အက်…ကြေ…ကွဲ…
မင်နီတွေနဲ့ ရဲ လို့ပေါ့ကွယ်။

တာရာမင်းဝေ

Sunday, October 12, 2014

Linux မှာ console cable သုံးဖို့လိုတဲ့အခါ

Zawgyi Version

Router, Switch, Firewall တွေကို console cable သုံးပြီး manage လုပ်ရတဲ့အခါ Windows မှာတော့ Termial Emulator အဖြစ် Putty ကိုသုံးကြပါတယ်။ Putty ကို install လုပ်ပြီး ကွန်ပျူတာက Manage Device ထဲမှာ ကိုယ်ရဲ့ COM port nubmer ကိုကြည့် serial ကိုရွေးပြီးချိတ်လိုက်ရုံပါပဲ။ Linux ကို အဓိကသုံးတဲ့သူတွေ အနေနဲ့တော့ console cable ကိုသုံးဖို့လိုတဲ့အခါ Minicom ဆိုတဲ့ application ကို အရင်ဆုံး install လုပ်ထားဖို့ လိုပါတယ်။

ပထမဆုံးအနေနဲ့ ကိုယ် manage လုပ်ဖို့လိုတဲ့ device, console cable နဲ့ computer နဲ့လိုပါတယ်။ များသော အားဖြင့် cisco device တွေကို manage လုပ်ရတာများတဲ့အတွက် cisco device နဲ့ပဲချိတ်လိုက်ပါတယ်။ ကိုယ့် ကွန်ပျူတာမှာ serial port ပါတယ်ဆိုရင်တော့ cisco device တွေမှာပါလာတဲ့ console cable နဲ့ တန်းချိတ်လိုက်ရုံ ပါပဲ။




USB port ကနေ တစ်ဆင့်ချိတ်မယ်ဆိုရင်တော့ linux ကို support လုပ်တဲ့ USB to Serial adapter တစ်ခု လိုပါတယ်။ ကိုယ်သုံးမယ့် device ကို boot မလုပ်ခင်မှာ အရင်ချိတ်ထားဖို့ပဲလိုပါတယ်။ ဒါမှ boot လုပ်တဲ့အခါ system ကသူ့အလိုလိုရှာမှာပါ။


“System > Administration > Synaptic Package Manager” ထဲမှာ Minicom လို့ရိုက်ပြီး package ကို လွယ်လွယ်ကူကူ install လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် Terminal ကနေ command ရိုက်ပြီး install လုပ်ချင်ရင် တော့ Clt + Alt + T ကို ရိုက်ပြီး Terminal ကို ဖွင့်ပါ။

Debian/ Ubuntu Linux မှာဆိုရင်

$ sudo apt-get install minicom

ရိုက်ပြီး install လုပ်ပါ။

Red hat(RHEL)/ CentOS/ Fedora Linux မှာဆိုရင်

# yum install minicom

လို့ရိုက်ပြီး minicom ကို install လုပ်ပါ။ Install လုပ်ပြီးသွားတဲ့အခါ

$ sudo minicom -s

လို့ရိုက်လိုက်ရင် အောက်က box ပေါ်လာပါမယ်။



အရောင်နဲ့သုံးချင်သူတွေအတွက်ကတော့

$ minicom -s -c on

လို့ရိုက်လိုက်ရုံပါပဲ။ အောက်ကလို ပေါ်လာပါမယ်။



“Serial Port Setup” ကိုရွေးပြီး Enter လုပ်ပါ။ နောက်ပြီး အောက်က တန်ဖိုးတွေအတိုင်းဖြစ်အောင် ရွေးပါ။
E ကို နှိပ်ပြီး Line Speed တန်ဖိုးကို 9600 ဖြစ်အောင်ရွေးပါ။

F ကို နှိပ်ပြီး Hardware Flow Control မှာ No ကိုရွေးပါ။

A ကို နှိပ်ပြီး Serial Device ကိုရွေးပါ။ ပုံမှန်အားဖြင့် “/dev/ttyS0 ” လို့မြင်ရမှာဖြစ်ပြီး USB port နဲ့ချိတ်မှာဖြစ်တဲ့ အတွက် ttyS0 နေရာမှာ “/dev/ttyUSB0 ” ကိုလို့ပြောင်းရိုက်လိုက်ပါ။ Esc နှိပ်ပြီး Main Menu ကို ပြန်သွားပါ။ “Save setup as dfl” ကိုနှိပ်ပြီး Save ပါ။ Exit နဲ့ထွက်လိုက်ပါ။



Setup လုပ်ခဲ့တာကို  ပြန်စစ်ဖို့အတွက် Terminal မှာ

$ sudo minicom

လို့ရိုက်လိုက်ပါ။ password ရိုက်ပြီးတဲ့အခါမှာ cisco device နဲ့ ချိတ်ဆက်ပြီးဖြစ်နေပါလိမ့်မယ်။



Ctrl + A ကို နှိပ်ပြီး minicom ရဲ့ command တွေကို ကြည့်လို့ရပါတယ်။

Reference: https://help.ubuntu.com/community/CiscoConsole

Wednesday, October 8, 2014

ဝါလကင်းလွတ် သီတင်းကျွတ်

Zawgyi Version

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့မှာ ရတနာသုံးပါး၊ မိဘနှစ်ပါးနဲ့ သင်ဆရာ မြင်ဆရာ ကြားဆရာများ၊ ခင်ပွန်းကြီးဆယ်ပါး၊ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်တို့နဲ့ပြည့်စုံကြတဲ့ သက်ကြီးဝါကြီးပုဂ္ဂိုလ်များ၊ ဆွေမျိုး မိတ်ဆွေ သင်္ဂဟများအပေါ်မှာ သိ၍ဖြစ်စေ မသိ၍ဖြစ်စေ ကာယကံ၊ ဝစီကံ၊ မနောကံတို့နဲ့ ပြစ်မှားစော်ကားခြင်းရှိခဲ့ပါလျှင်၊ ကျေးဇူးကန်းခြင်းရှိခဲ့ပါလျှင်၊ ကျေးဇူးချေဖျက်ခြင်းရှိခဲ့ပါလျှင်၊ ကျေးဇူးမဲ့စွာ ကြမ်းတမ်းရိုင်းစိုင်းယုတ်မာ ကြံစည်ပြောဆို ပြုမူဆောင်ရွက်မှုပြုခြင်းရှိခဲ့ပါလျှင် ထိုကျူးလွန်ခဲ့သော အပြစ်ကြီးအပြစ်ငယ်များကို ယခုအခါ ကောင်းစွာနှလုံးသွင်း ယုံကြည်စွာဖြင့် ဝန်ခံပါ၏၊ ဝန်ချပါ၏၊ တောင်းပန်ပါ၏၊ ကန်တော့ပါ၏။ အစဉ်သနားခြင်းအားဖြင့် မေတ္တာရှေ့ထား၍ သည်းခံတော်မူကြပါ၊ ခွင့်လွှတ်တော်မူကြပါ၊ ကျေအေးတော်မူကြပါ။

သီတင်းကျွတ်အခါသမယမှာ အားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ…။

ဒီတစ်နှစ်တော့ သီတင်းကျွတ်လပြည့် “အဘိဓမ္မာအခါတော်နေ့” မှာ ဆီမီးပူဇော်တဲ့ပုံတွေရိုက်ဖို့ အခြေအနေမပေးလို့ ၂၀၁၁ တုန်းက မန္တလေးမြို့ အောင်တော်မူဘုရားမှာ ရိုက်ထားဖြစ်တဲ့ ဓာတ်ပုံတွေပဲ ပြန်တင်လိုက်ပါတယ်။














Saturday, October 4, 2014

တိတ်

မိုးစုန်းစုန်းချုပ်မင့်ပဲ
နောက်ပြန်လှည့်ဖို့မပြောတော့ဘူး
တစ်က တစ်ရာအထိရေရင်း
ငြိမ်ငြိမ်လေး နေလိုက်တာပဲကောင်းမယ်

ဟွန်းတီးသံတွေရှည်လွန်းလို့
ကမ္ဘာနှစ်ခုကြားက သက်တန့်လေးအတိုင်း
ငါ့အတ္တကိုသိမ်းထားရတာလည်း
မရွာဘဲ ထစ်ချုန်းတဲ့မိုးလို

ကတိစကားမရှိဘူး
ကျေးလက်တေးသွားအတိုင်းပဲ ကမယ်

နောင်တဆိုတာ
အဖြေသိပြီးသား ခပ်ညံ့ညံ့ဘောလုံးပွဲကို
အစအဆုံးပြန်ကြည့်ရသလို
ဘာကိုမှန်းမသိ
ခံတွင်းချဉ်တယ်..။

မိုးငယ်
၄ အောက်တိုဘာ ၂၀၁၄

Sunday, September 28, 2014

ဆိုခွင့်

Zawgyi Version

လနက်နက် ညမှာထွက်ပြီလား
ပိုးစုန်းကြူးအိုက မေးတယ်
မျှော်လင့်သမျှအရာရာတိုင်း
မိုးရေ စိုစွတ်နေမှတော့
အိမ်လည်း မပြန်ဖြစ်တော့ဘူးပေါ့
အိပ်မက်က ငါ့ကို ဂျစ်ပဆီတွေလိုပြုံးပြရဲ့..။

အဲဒီမြို့ရဲ့လမ်းအိုကွေ့ချိုးမှာ
ဂစ်တာအိုလေးငါ့ကိုမျှော်နေလေမလား
တွေးလေးဝေးလေ အတိတ်ထဲ
ဖုန်တက်နေတဲ့ အတ္တတွေအထပ်ထပ်မို့
ကိုယ့်ကို စစ်နေမှန်းမသိတဲ့
စာမေးပွဲတွေလည်း ခဏခဏကျ…။

တကယ်ဆို သူသိနေမှတော့
အလွမ်းဆိုတာ ဖြစ်လာပါတော့မလား
ဒီလိုနဲ့
အနမ်းတွေသာ
အချိန်ကာလ အပိုင်းအခြားရဲ့
အောင်မှတ်မရတဲ့ ဘာသာတွေဖြစ်လာတယ်..။

နှစ်သိမ့်တေးမဆိုကြေးမို့
ကြာခဲ့ပါပြီလေ…
နှစ်ကိုယ်ကြား ဘာသာစကားတွေ
တစ်ဘဝစာ
နောက်ကျခဲ့တယ်ဆိုတာ…။

မိုးငယ်
(၃၁ သြဂုတ် ၂၀၁၄)

ကဗျာဘူကေး ၂

Zawgyi Version

” ပန်းဝေတံခါးပိတ် “

အလွမ်းတွေရှိထားကြောင်း
‘ပန်းဝေ’ သိလား မေးချင်တယ်။

လမ်းတွေ့ရင် ခေါ်ခွင့်မပိုင်ပါဘူး
ကျွမ်းမြေ့ချင် မျှော်လင့်နိုင်မှာလားရယ်လို့
ခိုးဝှက်ကာ အကြည့်ပုန်းတွေနဲ့
တိုးရှက်ရာ မချိဆုံးပါပဲ
ငြိထုံးလာ အလွမ်းတွေဝေတော့
ပန်းဝေသိမယ်။

ကိုယ့်မျက်ရည် ကိုယ်မတွေ့ရှာဘူးတဲ့
ညှို့ချက်တွေ အငိုဝေ့ပါရင်း
ကမ္ဘာချဉ်းအောင် ပန်တော်ပွင့်မယ့်
သခင့်အတွက် ပန်းတွေရယ်
နွမ်းလေတယ် ကျွန်တော် မျက်ဖြေရူး
( အော်……တို့ဘဝက )
တမ်းမပြေတယ်နော် မျက်ရည်ဦး။

နှောင်တွယ်တာ ခက်တာပဲ ပန်းရယ်လို့
ရှောင်ဖယ်ကာ မျက်နှာလွှဲစမ်းချင်တာပေါ့
ကျောင်းခန်းဆီ ခြေလှမ်းတွေ အရောက်ယူဆဲမှာပဲ
တစ်ယောက်သူ နောက်လူတွေ့နေနှင့်ပြီမို့
ရင်နင့်စွာ ကျွန်တော်ချစ်ပေမယ့်
မြင်ခွင့်မှာ အဖော်သစ်တွေနဲ့ ပန်းဝေရယ်
( တို့လေ… ) မခေါ်ဖြစ်ပါဘူး ။

တာရာမင်းဝေ

ကဗျာဘူကေး ၁

Zawgyi Version

” ဆုတောင်းဆိုတာ မင်းရယ်ငါရယ် ပစ်ချထားခဲ့ဖူးတဲ့ ခိုစာတွေ “

ငါ့နေက မင်းဘက်က အစောကြီးထွက်တယ်
ငါ့မျက်လုံးဆုံးတဲ့အထိ ငါ့စိတ်က မဆုံးသေးဘူး
မင်းပြန်တင်ပေးချင်တဲ့ကြယ်ဟာ ငါ့ချည်တိုင်မှာ
အကြွင်းမဲ့ပျော်ရွှင်မှုနဲ့ ဘယ်သူကြုံဖူးသလဲ
အိမ်ပြင်ကို တစ်ညလုံး ငါထွက်ကြည့်ဖြစ်တယ်
ဆယ်စုနှစ်တစ်စုရဲ့ နောက်ကြည့်မှန်ထဲ
ဂန္တဝင်တေးသွားတွေ သယ်လာတဲ့ ငါ့ကို တွေ့တယ်
စက္ကူလေယဉ်ပျံလေးတစ်စင်း ပြင်ထားတဲ့ မင်းကို တွေ့တယ်
တစ်ကြွင်းတဲ့ တနင်္ဂနွေတွေထဲ
မင်းနဖူးပေါ်က စံပယ်ပွင့်လေး ဘယ်သူတွန်းရွှေ့ခဲ့သလဲ
မင်းအသက်ရှုသံပေါ်က ဆွဲကြိုးလေး ဘယ်သူတတ်ပေးခဲ့သလဲ
ငါအံ့အားသင့်ရ
မင်းနှုတ်ခမ်းလေး တင်းစေ့ထားတာ
ငါ့အထီးကျန်မှုပဲဆိုတာ ငါပြန်သတိရ
ငါအံ့အားသင့်ရ
ငါရုပ်ရှင်ရုံထဲ ဝင်ထိုင်မိတဲ့အခါ
ကြိမ်ဖန်များစွာငေးကြည့်ဖူးတဲ့
ရယ်သံတစ်ခုကို ငါပြန်သတိရ
ငါအံ့အားသင့်ရ
ငါ့ကိုယ်စား
ပိတ်မိနေတဲ့ နေသားကျလွန်ကဲမှုအပေါ်
ယတိပြတ်သံသယရှိဖို့ မင်းစိတ်ကူးခဲ့စဉ် ငါရှိခဲ့တယ်
ငါ့ကိုယ်စား
ရုပ်ပြန်ဖျက်ထားတဲ့ အရှိန်သေနာကျင်မှုအပေါ်
မိုင်ကုန်မောင်းနှင်ဖို့ မင်းငြင်းပယ်နေစဉ်မှာလဲ ငါရှိနေဆဲ
ငါတို့နှစ်ယောက်ဟာ အတ္တကြီးစွာ အသံတွေ ဖူးပွင့်မယ့်နေ့ကို စောင့်နေတယ်
ဆုတောင်းဆိုတာ မင်းရယ်ငါရယ် ပစ်ချထားခဲ့ဖူးတဲ့ ခိုစာတွေပဲ
လက်ခံထားလိုက်တဲ့ သံယောဇဉ်ဆိုတာ
မအောင်မြင်ခဲ့တဲ့ ပြက်လုံးတွေဖြစ်ကြောင်း
ငါတို့ပဲ သိတယ်
ပုခုံးပေါ် ကျော််ကျော်ကြည့်ဖူးတဲ့
ထက်ဝက်ပျက် နှုတ်ဆက်မှုတွေကို
ငါဘယ်လို လှမ်းခေါ်ရဦးမလဲ
ပက်လက်ကုလားထိုင်တစ်လုံးပေါ်က
အပျော်တမ်း မီးခိုးငွေ့တွေကို
မင်းလည်း ငါ့လိုဆို ခံတွင်းပျက်မိမှာပဲ။ ။

သက်ထွေး
၂၆ စက်တင်ဘာ ၂၀၁၄

Friday, September 12, 2014

စင်ကာပူ (၃)

Zawgyi Version

မနက်ခင်းမိုးလင်းတိုင်း
အတူနေ အခန်းဖော်ကို
မင်္ဂလာပါနှုတ်ဆက်ဖို့
ဖုန်းကိုဖွင့်ပြီး မက်ဆေ့ပို့တဲ့မြို့။

(၁၂ စက်တင်ဘာ ၂၀၁၄)

Thursday, September 11, 2014

စင်ကာပူ (၂)

Zawgyi Version

အိပ်ရေးဝဝအိပ်ပြီး
မနက်ဖြန်အသစ်စရင်
စိတ်ညစ်သမျှတွေပျောက်သွားမယ်လို့
ခဏခဏထင်နေမိတဲ့မြို့။

(၁၁ စက်တင်ဘာ ၂၀၁၄)

စင်ကာပူ (၁)

Zawgyi Version

ပြက္ခဒိန်ထဲမှာ ဘဝကိုမြှုပ်
အချိန်ဇယားနဲ့ အလုပ်လုပ်ပြီး
လိုသလောက်ပိုက်ဆံ
အေတီအမ်မှာထုတ်တဲ့မြို့။

(၉ စက်တင်ဘာ ၁၄)

Monday, August 25, 2014

ကစဉ့်ကလျား

Zawgyi Version

မုတ်သုန်မိုးတွေ အငြိုးတကြီးရွာချတုန်းက
ရေခံဖို့လိုနေတဲ့ စိတ်ကူးတွေ
စံပယ်ဖြူကို ဖေးကူပွင့်ခဲ့သလား..

လမ်းဟောင်းထဲမှာ ချန်ရစ်ထားတဲ့
တေလေအိပ်မက်တွေ
မမက်ဖြစ်တာကြာပြီ။

သုံးရာသီ မိုးကုတ်စက်ဝိုင်းမှာ
အဖြေမရှိတဲ့ မေးခွန်းတွေကြုံတိုင်း
ဘဝဟာ အယိုင်ယိုင်အလဲလဲ..
ကယ်ပါ ယူပါ အော်ဆဲ..

မှတ်သိစိတ်က အဖြေပေးတိုင်း
နာခံတတ်တဲ့ အလွမ်းဆိုတာ
ရံဖန်ရံခါကို သတိမရချင်သူရဲ့ ဆင်ခြေပါ။

သက်တံ့ကလေးရေ
သုညဟာ အမှန်လား အမှားလား
ဟင်းလင်းပွင့်နေတဲ့ ရင်ကို
မင်းမြင်သလို ဝေဖန်စမ်းကွဲ့..

တကယ်တော့
ငါဆိုတဲ့ကောင်ဟာ
နယ်ရုပ်ကလေးရဲ့မာယာမှာ
အသာတကြည် ဒူးထောက်ချင်ခဲ့တဲ့
ခပ်ည့ံညံ့ သူရဲအိုတစ်ယောက်ပါကွယ်။

မိုးငယ်
(၂၅ သြဂုတ် ၂၀၁၄)

Sunday, June 15, 2014

မွေးနေ့မင်္ဂလာ

Zawgyi Version

မင်္ဂလာမွေးနေ့
မိခင်နိုင်ငံမှာ ကျင်းပမဟေ့လို့
တနေ့နေ့ ကြံစည်စိတ်ကူးလာ။

ဘယ်တတ်နိုင်မလဲဗျာ
ဘဝရဲ့ စေစားရာ
သီလ သမာဓိ ပညာ
နေရာမရွေးပါ။

ဗုဒ္ဓရဲ့ တရားသံ
ဦးထိပ်ပန်လို့သာ
ရတနတ္တယံ အဟံဝန္ဒာမိ
ပဥ္စဂုဏံ အဟံဝန္ဒာမိ သဗ္ဗဒါ။
……..
မွေးနေ့မင်္ဂလာ။

(တင်မိုး ၏ မွေးနေ့မင်္ဂလာ ကဗျာမှ)


Saturday, May 24, 2014

ယုံကြည်တဲ့အခါ

Zawgyi Version

ဆယ်တန်းကျောင်းသားဘဝတုန်းကကြည့်ဖူးခဲ့တဲ့ The Prince of Egypt ထဲကဇာတ်ဝင်တေး When You Believe ကို ခုရက်ပိုင်း ခဏခဏနားထောင်ဖြစ်တယ်။ နားထောင်လိုက်တိုင်း စိတ်ခွန်အားတွေ ပြန်ပြည့်လာသလို ခံစားရတယ်။

၁၉၉၉ အကယ်ဒမီဆုပေးပွဲမှာ when you believe က Best Original Song ဆုကို ဆွတ်ခူးခဲ့တယ်။ The Prince of Egypt ဇာတ်လမ်းက Book of Exodus ထဲက Moses ရဲ့ ဘဝဇာတ်ကြောင်းတစ်ပိုင်းတစ်စပေါ့။ Wiki ကတော့ American animated musical biblical epic semi-historical drama film လို့ဆိုလေရဲ့။

Whitney Houston နဲ့ Mariah Carey တို့နှစ်ယောက်သား ပညာပြပြီး အပြိုင်ကြဲကြတဲ့ ဆိုဟန်ကိုကြိုက်သလိုCeltic Woman ရဲ့ ဆိုဟန်အေးအေးလေးကိုလည်း မကြာမကြာနားထောင်ဖြစ်တယ်။

သီချင်းလေးကို ဘာသာပြန်ထားမိပေမယ့်လည်း စိတ်တိုင်းသိပ်မကျလှတာမို့ မတင်တော့ပါဘူး။
မူရင်းအတိုင်း ခံစားရတာ ပိုကောင်းတယ်မဟုတ်လား…။






















Many nights we’ve prayed
With no proof anyone could hear
And our hearts a hopeful song
We barely understood

Now we are not afraid
Although we know theres much to fear
We were moving mountains long
Before we know we could

There can be miracles
When you believe
Though hope is frail
Its hard to kill

Who knows what miracle
You can achieve
When you believe
Somehow you will
You will when you believe

In this time of fear
When prayer so often proves in vain
Hope seems like the summer birds
Too swiftly flown away

And now I am standing here
My hearts so full, I can’t explain
Seeking faith and speaking words
I never thought I’d say

There can be miracles
When you believe
Though hope is frail
It’s hard to kill

Who knows what miracles
You can achieve
When you believe
Somehow you will
You will when you believe

They don’t always happen when you ask
And its easy to give in to your fear, ohh
But when you’re blinded by your pain
Cant see your way straight through the rain
Thought of a(a small but) still resilient voice
Says love(hope) is very near

There can be miracles
When you believe
Though hope is frail
Its hard to kill

Who knows what miracles
You can achieve
When you believe
Somehow you will, how you will
You will when you believe


You will when you believe (Just believe)
You will when you believe (Just believe)
You will when you believe

Friday, March 28, 2014

သက်သတ်လွတ်၏ မလွတ်၏

Zawgyi Version

ဘာလို့ သက်သတ်လွတ်စားတာလဲ။

မိတ်ဆွေအသစ်တစ်ယောက်တိုးတိုင်း၊ နေရာသစ်ရောက်တိုင်း၊ အစားအသောက်နဲ့ကြုံတိုင်း မေးခံရတဲ့ မေးခွန်းပေါ့။ မေးတဲ့သူတွေပြောင်းသွားတိုင်း မပြောင်းလဲတဲ့ အကြောင်းတရား အဖြေကို ဖြေရတာပါပဲ။

အဖြေကလည်း တစ်ခါတည်း ပြည့်စုံအောင် ဖြေရတယ်။ ကျန်းမာရေးကြောင့်လည်း မဟုတ်ဘူး။ လှူ ထားလို့လည်း မဟုတ်ဘူး။ အချိန်အပိုင်းအခြားနဲ့ ဘာကြောင့်ညာကြောင့် ရှောင်တာလည်း မဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်က စားချင်စိတ်မရှိလို့ မစားချင်လို့ပါ .. ပေါ့။

ကိုယ်မလုပ်ချင်လို့ မလုပ်ဘူးပြောတာ..။ လုပ်ချင်လို့ လုပ်တယ်ပြောတာလည်း ရှော့တော့ရှိပါတယ်။ ဘယ်လောက်တောင်ရှော့လည်းဆို ..ကိုးတန်း ကျောင်းသားဘဝက ကျောင်းအုပ်ကြီးရုံးခန်းရောက်တဲ့ထိပဲ။ ကိုယ်က ရိုးရိုးပဲဖြေတာ .. ဘာကြောင့် ရုံးခန်းရောက်ရသလဲ ဇဝေဇဝါပါပဲ။ (အဲဒီအကြောင်းလေးလည်း နောက်တော့ ရေးဦးမယ်။)

ပြန်ပြီးဆက်ရရင် .. အသားတင်မဟုတ် ငါးလည်း မစားပါဘူး။ (ရင်းနှီးတဲ့အစ်ကိုတစ်ယောက်ပြောသလို.. ကြည်းရေလေ ရှောင်ပေါ့) ဘယ်အချိန်ကတည်းလည်းဆိုရင် ၁၈ နှစ် ပြည့်ပြီးကတည်းကပါ..။ ၁၈ နှစ်ပြည့်တဲ့ မွေးနေ့မနက်မှာ .. ငါသည် အသားငါးတို့ကို ရာသက်ပန် မစားခြင်းဖြင့် အသက်ရှင်အံ့ .. ဘာညာ ကြွေးကြော်ပြီး မစားမျိုးလည်း မဟုတ်ပြန်ဘူး။ ၁၈ နှစ်ကျော်တော့ စပြီး မစားဖြစ်တော့တာပါပဲ။

ပိုရင်းနှီးတဲ့သူတွေ ဆိုရင်တော့ ကိုယ့်စိတ်ထဲ ရှိတာလေး ပြည့်ပြည့်စုံစုံပြောဖြစ်တယ်။ (နားထောင်တဲ့သူကလည်း အချိန်ရဦးမှကိုး)။
ဒီလိုပါ..။ ၁၉၉၀ ၉၁ ဝန်းကျင်တဝိုက်က မန္တလေးမြို့ ၂၆ လမ်းနဲ့ ရ၈ လမ်းထောင့်နားမှာ ဆိုင်းဘုတ်တစ်ခု ရှိခဲ့ဘူးတယ်။ အခုလို တိုက်တန်းတွေမဟုတ်သေးဘူး။ ရေနံချေးတွေသုတ်ထားတဲ့ မီးရထားခြံဝန်းကြီးရဲ့ ဘေးမှာ အနီရောင်ဆေးအခံ၊ အဖြူရောင်စာလုံးတွေနဲ့ ထင်ထင်ရှားရှားရေးထားတဲ့ ဆိုင်းဘုတ်တစ်ခုပေါ့။

တိရိစ္ဆာန်များ၏ အသားကို မစားခြင်းဖြင့် သူတို့အား ကြင်နာပါ .. တဲ့။

သုံးလေးတန်းအရွယ် ကောင်လေးတစ်ယောက် BMX စက်ဘီးတစ်စီးနဲ့ ဖြတ်သွားဖြတ်လာ လုပ်တိုင်း တွေ့နေမြင်နေ စိတ်ထဲစွဲနေခဲ့တယ်။ အဲဒီအချိန်တုန်းကတော့ အသားငါး အကုန်စားခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့ကျရင် ငါ အသားငါးတွေ မစားပဲနေလို့ရင် နေမယ်ဆိုတဲ့စိတ်လေး စွဲနေခဲ့တာကို ပြောချင်တာပါ။


သက်သတ်လွတ်စားတော့ စားတော့ဘာဖြစ်သလဲ။ မစားတော့ကော ဘာဖြစ်သလဲ။ .. ဘာမှ မဖြစ်ပါဘူး။ ကိုယ့်အမြင်ပြောရရင် သက်သတ်လွတ်စားတဲ့လူနဲ့ မစားတဲ့လူ .. စားခြင်း မစားခြင်း ကလွဲပြီး ဘာမှမထူးခြားပါဘူး။

ဒေဝဒတ်က သံဃာသင်းခွဲဖို့လုပ်တော့ ရဟန်းတွေ သက်သတ်လွတ်စားဖို့ ပညတ်ချက်ကိုတောင် မြတ်ဘုရားရှင်က ပယ်ခဲ့တာပါ။ ရဟန်းတော်တွေ သီးသန့် ဘုန်းမပေးအပ်တဲ့ အသားကြီး ၁၀ ပါးနဲ့ အစွန်း သုံးပါးလွတ်တဲ့အသားက လွဲရင် ကျန်တာတွေ ဘုန်းပေးနိုင်တယ် .. သီးသန့် သက်သတ်လွတ် စားစရာမလိုဘူးလို့ မိန့်ခဲ့တာပါပဲ။

ရဟန်းတော်များမှာ သီးသန့် မစားအပ်တဲ့ အသားကြီး ( ၁၀ ) မျိုးရှိတယ်။

၁။ လူသား ( ဇာတ်တူသား ဖြစ်သောကြောင့် )
၂။ ဆင်သား ( ရှင်ဘုရင်ရဲ့ အသုံးအဆောင်ဖြစ်ပြီး အန္တရာယ်ကြိုတင်ကာကွယ်နိုင်အောင်လို့ )
၃။ မြင်းသား ( ရှင်ဘုရင်ရဲ့ အသုံးအဆောင်ဖြစ်ပြီး အန္တရာယ်ကြိုတင်ကာကွယ်နိုင်အောင်လို့ )
၄။ ခွေးသား ( စက်ဆုပ် ရွံရှာဖွယ် ဖြစ်လို့ )
၅။ မြွေသား ( စက်ဆုပ် ရွံရှာဖွယ် ဖြစ်လို့ )
၆။ ကျားသား ( အနံ့ခံပြီး စားသူကို အန္တရာယ်ပေးတတ်လို့ )
၇။ ကျားသစ်သား ( အနံ့ခံပြီး စားသူကို အန္တရာယ်ပေးတတ်လို့ )
၈။ ခြင်္သေ့သား ( အနံ့ခံပြီး စားသူကို အန္တရာယ်ပေးတတ်လို့ )
၉။ အောင်းသား ( အနံ့ခံပြီး စားသူကို အန္တရာယ်ပေးတတ်လို့ )
၁၀။ ဝံသား ( အနံ့ခံပြီး စားသူကို အန္တရာယ်ပေးတတ်လို့ )

အစွန်းသုံးပါး ဆိုတာက –

၁။ ဒိဋ္ဌမံသ – ကိုယ့်ကို ရည်စူးပြီး သတ်ဖြတ်တယ်လို့ မျက်စိနဲ့ တပ်အပ်မြင်ကာ ချက်ကပ်ထားတဲ့ ဟင်းလျာ၊
၂။ သုတမံသ – ကိုယ့်ကို ရည်စူးပြီး သတ်ဖြတ်ထားတယ်လို့ တဆင့်စကား ကြားကာ ချက်ထားတဲ့ ဟင်းလျာ၊
၃။ ပရိသင်္က ိတမံသ – ကိုယ့်ကို ရည်စူးပြီး သတ်ဖြတ်ထားတယ်လို့ စိတ်က ယုံမှားရှိနေတဲ့ ဟင်းလျာတွေကို ဘုန်းမပေးကောင်းဘူး၊ စားသုံးခဲ့ရင် အပြစ်ဖြစ်ပါတယ်။

အသားကြီး ဆယ်မျိုးနဲ့ အစွန်းသုံးပါးရင် ကြက်သား ဝက်သားစသဖြင့် အားလုံး ဘုန်ပေးနိင်တယ်လို့ ခွင့်ပြုထားခဲ့ပါတယ်။

ဒါ့အပြင် .. အသားငါးနဲ့ ချို၊ ချဉ်၊ ငန်၊ ဖန်၊ စပ်၊ ခါး အရသာခြောက်ပါးကို သင့်တင်လျောက်ပတ်စွာ ဘုန်းပေးသုံးဆောင်ခဲ့ရရင် ရရှိတဲ့ အာဟာရဓာတ် ဘောဇနသပ္ပါယဟာ တရားထူးအတွက် အထောက်အပံ့ဖြစ်တယ်ဆိုတာ .. ဘုရားရှင်လက်ထက်မှာ သာဓက အထင်အရှားရှိခဲ့ပါတယ်။

ဒါကြောင့် သက်သတ်လွတ်စားလို့ ထူးပြီး ဂုဏ်ယူစရာမရှိသလို ဂုဏ်လည်း မယူခဲ့ဖူးပါဘူး။

ကိုယ်ကတော့ မစားတာကြာလာတော့လည်း အသားငါးတွေဟာ ကိုယ်နဲ့ မဆိုင်သလိုဖြစ်လာခဲ့တာပါပဲ။အမဲသားပေါ်တာ ဝက်ပေါ်တာတွေ မြင်ဖူးတဲ့ ကိုယ့်အတွက်တော့ ပိုဆိုးတာပေါ့။ ဒါပေမယ့် ဒါနဲ့ အသက်မွေး ဝမ်းကြောင်းရတဲ့သူတွေ အဖို့ကလည်း သူ့ ကုသိုလ်နဲ့ သူကိုး။ ဘယ်တတ်နိုင်ပါ့မလဲ။ အသီးအရွက်တွေမှာတောင် ပိုးမထိုးအောင် ပိုးသတ်ဆေးတွေဘာတွေ ဖျန်းရတာမျိုးကလား။




နောက်တစ်ချက်က နှလုံးသားအာဟာရထဲက စာစုလေးတစ်ခုလိုပေါ့ ..။ လမ်းလျှောက်ရင်း ကမ်းခြေသဲသောင်ပေါ်တင်နေတဲ့ ကြယ်ငါးလေးတွေကို ပင်လယ်ထဲ ပြန်ပစ်တဲ့အကြောင်းလေ။ သဲသောင်ပေါ်တင်နေတဲ့ ကြယ်ငါးတွေ မျက်စိတဆုံးပေမယ့် ကိုယ်နဲ့တွေ့ပြီး ပင်လယ်ထဲပြန်ရောက်သွားတဲ့ ကြယ်ငါးလေး ကံကောင်းသွားတယ်လို့ မှတ်ယူသလိုမျိုး .. ကိုယ်တစ်ယောက် အသားငါးမစားတော့လည်း တစ်ယောက်စာတော့ သက်သာသွားတယ်လို့ ရိုးရိုးသားသားပဲ ခံယူမိပါတယ်။

အဲ .. သက်သတ်လွတ်စားတယ်ဆိုပေမယ့် .. လုံးလုံး မရောမနှော မထိမတွေ့ လွတ်လွတ်ကင်းကင်း မစားဘူးလည်း မဟုတ်ပြန်ဘူး။ အသုပ်တွေစားတဲ့အခါ ငါးပိ ငံပြာရည်ဘာညာပါတာ စားပါတယ်။ ပုဇွန်ခြောက်အကြီးကြီးတွေပါရင် ဖယ်စားပါတယ်။ အိမ်မှာကြက်သားနဲ့ အာလူးချက်ရင် အာလူးကို ရွေးစားပါတယ်။ အဲသလို မျိုးပါ။ ပြီးတော့ ကြက်ဥစားပါတယ်။ ကြုံတဲ့အခါ နွားနို့လည်း သောက်ပါတယ်။

မိတ်ဆွေတစ်ယောက်ကတော့ ကြက်ဥတွေ နို့တွေက အသွေးအသားမို့ ပိုတောင်မစားသင့်ဘူးလို့ ပြောဖူး မှတ်ချက်ပေးဖူးပါတယ်။ ဒါပေမယ့် ပဲအမျိုးမျိုးနဲ့ အသီးအရွက်တွေ အချိန်ပေးချက်နိုင်တာမျိုးမရှိခဲ့ရင် ကြက်ဥကြော်ပြီးစားလိုက်တာပါပဲ။ အဲဒီအတွက်လည်း ငါ သူများအသွေးအသားတွေ စားလိုက်ပြီလို့ မမှတ်ယူပါဘူး။ အဓိက နှလုံးသွင်းပြီး စိတ်ထားတတ်ဖို့က အဓိကပဲ မဟုတ်လား..။

ဒါဆို သက်သတ်လွတ်မစစ်ဘူးပေါ့လို့ .. အမြဲမှတ်ချက်ပေးခံရပါတယ်။ ဟုတ်ပါတယ် သက်သတ်လွတ်စစ်ပါတယ်လို့ မှတ်ပုံတင်ပြီး စားတာမှ မဟုတ်တာပဲကို။ အသားငါးတွေ မစားချင်လို့ မစားယုံသက်သက်ပါပဲ။

တကယ် သက်သတ်လွတ်သလားမေးရင်တော့..

သက်သတ်လွတ်၏ မလွတ်၏ လို့ပဲ ဆိုရပေမပေါ့ ..။

(ဝန်ခံချက်။ အသားကြီး ၁၀ မျိုးနဲ့ အစွန်းသုံးပါး အသားအကြောင်းအရာတွေကို  http://buddhismworld.ning.com/ မှ ကူးယူထားပါတယ်။)

Friday, March 7, 2014

အကြည့်

Zawgyi Version

တိုက်ခန်းကထွက်လာပြီး ဓာတ်လှေကားကိုသွားတဲ့ ကော်ရစ်ဒါမှာ လူရှင်းနေတယ်။ တစ်ခါတစ်လေ ကလေး တစ်ယောက်စ နှစ်ယောက်စ စကိတ်စီးနေတာတွေ့ရတတ်ပေမယ့် ဒါကလည်း ကျောင်းပိတ်ရက်မျိုးမှပါ။ အောက်ကိုဆင်းဖို့ ဓာတ်လှေကားခလုပ်ကို နှိပ်ပြီး ကိုယ့်အတွေးနဲ့ကိုယ် သီချင်းလေးညည်းရင်း စောင့်နေ လိုက်တယ်။ အောက်ဆုံးထပ်ထိဆင်းသွားတဲ့ ဓာတ်လှေကားနှစ်စင်းစလုံးကလည်း ဒီနေ့မှ ပိုကြာနေသလို တော်တော်နဲ့တက်မလာ။

ရပ်စောင့်နေရင်း မသိစိတ်က အချက်ပေးတယ်။ အကြည့်။ ဟုတ်တယ် တစ်ယောက်ယောက်က ကိုယ့်ကို စူးစိုက် ကြည့်နေတယ်။ ဖျက်ကနဲ နောက်လှည့်ကြည့်လိုက်တော့ နောက်မှာလည်း ဘယ်သူမှမရှိ။ သိပ် မဟုတ်သေး ။

ဒီလောက်ရှင်းနေတဲ့ ကော်ရစ်ဒါမှာ ကိုယ့်ကိုဘယ်သူက ကြည့်မလဲ။ မမြင်နိုင်တဲ့ တစ်စုံတစ်ယောက် များလား။ ဘုရားဟောမှာ မကျွတ်မလွတ်တဲ့ နာနာဘာဝဆိုတာတွေ ရှိတယ်ဆိုတာ သိပေမယ့် ကိုယ်တိုင်က အဲဒီလို သရဲတစေဆိုတာတွေကို မကြောက်တတ်။ ဒါပေမယ့်.. တစ်ယောက်ယောက်က မျက်လုံးပါဝါအပြည့်နဲ့ ကိုယ့်ကို စူးစိုက်ကြည့်နေသလို ခံစားရတာလည်း သေချာတယ်။

အချက်ပေးသံနဲ့အတူ ဓာတ်လှေကားပွင့်လာပေမယ့် အောက်ကို လိုက်မဆင်းဖြစ်ဘူး။ အားကောင်းလွန်းတဲ့ အကြည့်ကိုပဲ တန်ပြန်အာရုံစိုက်လိုက်တယ်။ နောက်ဆုံးတော့ ခပ်ဟဟပွင့်နေတဲ့ ထောင့်ဆုံးတိုက်ခန်း တံခါးကြားက ခပ်စူးစူးအကြည့်ကို မျက်နှာချင်းဆိုင်မိပါလေရော။

ဒီလိုနေရာမျိုးမှာ သူ့ကိုဒီလိုတွေ့ရလိမ့်မယ်လို့ ထင်မထားမိဘူး။ သူနဲ့တူတာတောင် တွေ့ဖို့ခက်တဲ့ နေရာမှာ သူ့ကိုတွေ့ရတော့ ကိုယ့်မှာလည်း အံ့အားတသင့်ပေါ့။ ဝိုး ..လှလိုက်တာ။ ဘယ်လောက်တောင် လှလိုက်တဲ့ မျက်ဝန်းတွေလဲ။ ပြီးတော့ ကိုယ့်အနေနဲ့ သူက ချစ်ဖို့လည်း ကောင်းတယ်။

ဒီလိုနဲ့ သူ့ကိုနှစ်လိုဖွယ် ပြုံးပြဖြစ်တယ်။ အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့ဟန်တူတဲ့ သူကတော့ တစ်ချက်ကလေးမှ မလှုပ်။ ပြံုးပြတဲ့ကိုယ့်ကိုလည်း အသိအမှတ်ပြုတဲ့ ရင်းနှီးဖော်ရွေမှုမျိုး လုံးလုံးမပြ။ သူ့ကိုကြည့်ရတာ တစိမ်းတရံစာကို အလွယ်တကူ မယုံကြည်ဖို့ ကောင်းကောင်းသင်ကြားခဲ့ပြီးသလို သတိအပြည့်နဲ့ ကိုယ်ဟန်မျိုး။ ဟုတ်မှာပါလေ။ ပုံမှန်အားဖြင့် တစိမ်းတရံစာဆန်တဲ့ နေရာမှာကြီးပြင်း လာတဲ့သူဟာ ဒီလိုပဲဖြစ်ရပေမပေါ့။

သွားစရာရှိပေမယ့် ကိုယ်ကလည်း သူ့ကိုပြံုးပြီးဆက်ကြည့်နေမိသလို သူကလည်း ကိုယ့်ကိုကြည့်တဲ့ အကြည့်ကို မဖယ်။ ဒီလိုအပြိုင်ကြည့်နေရင်းက ကိုယ့်ရဲ့သဘောထားကို နားလည်အသိအမှတ်ပြု တဲ့ဟန်မျိုး သူ့မျက်ဝန်းမှာ ရိပ်ကနဲတွေ့လိုက်ရတယ်။ သွားရတော့မှာမို့ အကြည့်ကိုဖယ်ပြီး ပိတ်သွားတဲ့ ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်တယ်။

ခေါင်းငဲ့ပြီး နှုတ်ဆက်ဖို့ ကြည့်လိုက်တော့ နေရာမှာ သူမရှိတော့ဘူး။ တိုက်ခန်းထဲကို ပြေးဝင်ပျောက်ကွယ်သွားခဲ့ပြီ။

ပြင်သစ်၊ ဂျာမဏီတို့လို ဥရောပနဲ့ အနောက်တိုင်းသားတွေကတော့့ သူ့နဲ့ပတ်သက်ပြီး အယူသီးကြတယ်။ ဗြိတိန်၊ စကော့နဲ့ ဂျပန်လူမျိုးတွေကတော့ သူ့ကိုတွေ့ရင် ကံကောင်းတယ်လို့မှတ်ယူကြသတဲ့။ ၁၈ ရာစုက ပင်လယ်ဓားပြ တွေမှာလည်း သူနဲ့ပတ်သက်တဲ့ အယူအမျိုးမျိုးရှိကြတယ်။

အီဂျစ်လူမျိုးတွေရဲ့ ရှေးဟောငး် ဒဏ္ဍာရီထဲမှာတော့ သူဟာ Bastet ဆိုတဲ့ နတ်ဘုရား တစ်ပါးဖြစ်ပြီး သူနဲ့ပတ်သက်တဲ့ အစွဲအလမ်းနဲ့ ယုံကြည်ကိုးကွယ်မှုတွေလည်း ဖတ်ဖူးတယ်။ နိုင်ငံတကာမှာတော့ သြဂုတ်လ ၁၇ ရက်နေ့တိုင်း သူနဲ့ပတ်သက်တဲ့ အထိမ်းအမှတ်နေ့ လုပ်ကြတယ်..။ အဲ တချို့လူတွေမှာတော့ Ailurophobia ဆိုပြီးရှိကြသတဲ့။

အကြည့်။

ဟုတ်တယ်။

ကိုယ့်ရဲ့ အကြည့်ပိုင်ရှင်ဟာ အားကောင်းတဲ့ ရွှေဝါရောင်မျက်လုံးတစ်စုံ၊ တောင်ပြောင်တဲ့ အနက်ရောင်အမွှေးပွပွတွေကို တစ်ကိုယ်လုံးပိုင်ဆိုင်ထားတဲ့ ကြောင်နက်ကြီးတစ်ကောင်ပေါ့။


Wednesday, March 5, 2014

Graphical Network Simulator ကို စတင်အသုံးပြုခြင်း

Zawgyi Version

Internetworking ကို လေ့လာသူတိုင်း သီအိုရီတွေ၊ သင်ခန်းစာတွေနဲ့ တွဲဖက်လေ့လာစမ်းသပ်နိုင်ဖို့ Lab တစ်ခုမရှိမဖြစ် လိုအပ်ပါတယ်။ ဒီလို Lab တည်ဆောက်ရာမှာ ပစ္စည်းအစစ်တွေကို အသုံးပြုနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် ကုမ္ပဏီကြီးတွေဖြစ်တဲ့ cisco, juniper ရဲ့ router, switch စတဲ့ ပစ္စည်း အစစ်တွေက အသစ်မပြောနဲ့ အဟောင်းစျေးတောင်မှ တော်ရုံလက်လှမ်းမမီနိုင်အောင် တန်ဖိုးကြီးပါတယ်။ အဲဒီတော့ စလေ့လာတဲ့သူတိုင်း Graphical Network Simulator တွေကိုပဲ အသုံးပြုပြီး လေ့ကျင့်ကြရတယ် ဆိုတာလည်း အားလုံးသိကြပြီးသားပါ။

Graphical Network Simulator တွေအနက် အခပေးရော အခမဲ့ထဲမှာပါ ရွေးချယ်စရာတွေ အတော်များ ပါတယ်။ Googling လုပ်လိုက်ရင် အလွယ်တကူတွေ့နိုင်တာမို့ အသေးစိတ်မရေးတော့ပါဘူး။ ရွေးချယ်စရာတွေ ထဲမှာမှ cisco certification တွေအတွက် အခမဲ့လည်းဖြစ်၊ သုံးရလွယ်ကူပြီး လူသိများတာက Cisco Packet Tracer နဲ့ GNS3 တို့ပါပဲ။

Cisco Packet Tracer


Cisco Packet Tracer ကို Cisco Systems က ထုတ်လုပ်တာပါ။ ခုဆို 6.0.1 အထိ ထွက်ရှိထားပြီး မကြာခင်မှာ 6.1 ထပ်မံထွက်ရှိတော့မယ်လို့ ကြေညာထားပါ။ အင်္ဂလိပ်၊ ရုရှ၊ ဂျာမန်၊ ပေါ်တူဂီ၊ စပိန်၊ ပြင်သစ် ဘာသာစကားတွေ နဲ့လေ့လာနိုင်ပြီး Linux ရော Microsoft Windows မှာပါ အသုံးပြုနိုင်ပါတယ်။

Packet Tracer 6.0 မှာ IOS 15 နဲ့ထွက်ရှိလာတာပါ။ Cisco 1941, 2901, 2911 router သုံးခု အသစ် ထပ်မံပါဝင်လာပြီး HWIC-2T, HWIC-BA modules တွေပါဝင်လာပါတယ်။ CCNP Route မှာလေ့လာရမယ့် BGP(border gateway protocol) configuration, CCNP Switch အပိုင်းမှာ မဖြစ်မနေ လေ့လာရမယ့် Cisco ရဲ့ HSRP(host-standby router protocol) ကိုလည်း အသုံးပြုလေ့ကျင့်နိုင်မှာ ဖြစ်ပါတယ်။

Packet Tracer version 6.1 ထွက်လာခဲ့ရင်တော့ Internet cloud device နဲ့ Cisco ASA Firewall ထပ်မံပါဝင် လာမယ်လို့ ကြေညာထားပါတယ်။ version 5.3 နဲ့ 6.0 ရဲ့ features တွေကို အောက်ကပုံမှာ နိုင်းယှဉ်ကြည့်နိုင်ပါတယ်။


အသုံးပြုမယ့်စက်အတွက်
– CPU: Inel Pentium III 1.0 GHz or better
– RAM: 512 MB နှင့်အထက်
– Storage: 300 MB of free disk space
– Display resolution: 1024 x 768 တို့ရှိရင်ရပါပြီ။
– Sound card နဲ့ speakers မရှိလည်း ကိစ္စမရှိပါဘူး။
Download လုပ်တဲ့အခါမှာလည်း Tutorial ပါတာနဲ့ မပါတာ နှစ်မျိုးရွေးနိုင်ပါတယ်။ ဖိုင်ဆိုဒ်နည်းနည်း ပိုကြီးပေမယ့် Tutorial ပါတော့ လေ့လာတဲ့အခါ ပိုပြီးအထောက်အကူဖြစ်ပါတယ်။

Cisco Packet Tracer အသုံးပြုထားတဲ့ Network Topology တစ်ခုရဲ့ ပုံပါ။



GNS3



GNS3 ကတော့ Open Source Software တစ်ခုဖြစ်ပြီး Linux, MacOS X နဲ့ Windows အကုန်လုံးမှာ အဆင်ပြေပြေ အသုံးပြုနိုင်ပါတယ်။ GNS3 မှာ Cisco ရဲ့ CCNA, CCNP, CCIE certification အတွက်သာမက Juniper certification တွေဖြစ်တဲ့ JNCIA, JNCIS, JNCIE အတွက်ပါ လေ့ကျင့်နိုင်မှာ ဖြစ်ပါတယ်။

နောက်ဆုံး ထွက်ရှိထားတာက Version 0.8.6 ဖြစ်ပြီး မကြာခင်မှာ Version 1.0 ထွက်ရှိလာတော့မှာပါ။ ယခင်က Routing အတွက် အဓိကထားခဲ့ပေမယ့် 1.0 မှာ Switching အတွက် Feature တွေ အများအပြားပါဝင်လာမယ် လို့ ကြေညာထားပါတယ်။

IOS Image file တွေကို download ဆွဲပြီး အသုံးပြုရတာဖြစ်တဲ့အတွက် တကယ့် router, switch တွေနဲ့ အသုံးပြုလေ့ကျင့်ရတာနဲ့မခြားလို့ ပိုပြီးအဆင်ပြေပါတယ်။ ဘာကြောင့်ဒီလိုပြောရသလဲဆိုတော့ Cisco Packet Tracer မှာက အသုံးပြုလို့ရတဲ့ command တွေ အကန့်အသတ်ရှိနေလို့ပါ။



ကိုယ်တိုင်ကတော့ Cisco Packet Tracer ရော GNS3 ပါ နှစ်မျိုးစလုံး သုံးဖြစ်ပါတယ်။ နောက်ပိုင်းတော့ GNS3 ကိုပိုသုံးဖြစ်ပါတယ်။ GNS3 မှာ ASA Firewall, PIX Firewall, Eatherswitch router, IDM စတဲ့ Feature တွေ အမြောက်အများပါဝင်တဲ့အတွက်ပါ။ နှစ်ခုစလုံးမှာ အားသာချက်၊ အားနည်းချက်ကိုယ်စီ ရှိကြပါတယ်။

GNS3 က Packet Tracer လို software ကို install လုပ်ပြီး အသုံးပြုရတာလောက်တော့ မရိုးရှင်းပါဘူး။ GNS3 ကို စတင်အသုံးပြုဖို့အတွက် မဖြစ်မနေ လုပ်ဆောင်ရမယ့် အပိုင်းတွေရှိနေပါတယ်။ အဲဒါကို နောက်တစ်ပုဒ် သတ်သတ်ထပ်ရေးပါဦးမယ်။

စာကြွင်းအနေနဲ့ပြောရရင်..

နည်းပညာနဲ့ပတ်သက်လို့ ၂၀၀၆၊ ၂၀၀၇ လောက်က နာမည်တစ်ခုနဲ့ Tips and Tricks လေးတွေရေးခဲ့ဖူးပေမယ့် အဲဒီနောက်ပိုင်း မရေးဖြစ်တာအခုထိပါပဲ။ ကိုယ်တိုင်က လေ့လာမှုအားနည်းတာရယ်၊ တစ်ခုခုသိလာပြန်ရင်လည်း ကိုယ်လောက်တော့ လူတိုင်းသိနိုင်မှာပဲ ဆိုတဲ့အတွေးရယ်ကြောင့် သိတဲ့နည်းနည်းလည်း သိတဲ့အတိုင်းပဲ ထားခဲ့တာ များပါတယ်။

အခုတော့ Sharing is Caring ဆိုတဲ့ထုံးကို နှလုံးမူပြီး သိသလောက်လေးမျှဝေမယ်ဆိုတဲ့ စိတ်နဲ့ စရေးပါပြီ။ သိပြီးတတ်ပြီးတဲ့ အဆင့်မြင့်တဲ့ပညာရှင်တွေအတွက် မရည်ရွယ်ပါဘူး။ လုံးဝမသိသေးတဲ့သူတွေအတွက် တစ်စုံတစ်ခုအသိတိုးသွားဖို့သာ ရည်ရွယ်လိုရင်းပါ။ သိသူတတ်သူများဖတ်မိလို့ အမှားအယွင်း တစ်စုံတစ်ရာ တွေ့ရင်လည်း ချစ်ခင်စိတ်နဲ့ မဆိုင်းမတွထောက်ပြကြဖို့ ဒီစာလေးနဲ့ပဲ ဝမ်းမြောက်ဝမ်းသာဖိတ်ခေါ်လိုက်ပါတယ်။

သံ စုံ ဂီ တ

Zawgyi Version

ငါတို့ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို

၇၃ လမ်းဟာ ထမ်းတင်ထားတယ်

စိတ်တူကိုယ်တူ ကျောင်းတော်မှာ

သမိုင်းဟာ ခြေယောင်တွေ တပြပြ

နေ့ရွှေ့ညရွှေ့ စိတ်ကုန်ကူးတိုင်း

လိပ်ပြာတွေ ပိုများလာသလို

လိပ်စာတပ်စရာ မလိုအောင်ကို

ငါတို့အမှားတွေ တသားထဲ။

မိုးငယ်
(၂၀၀၆)

Tuesday, March 4, 2014

စိတ်ရဲ့ချည်တိုင်

Zawgyi Version

အတုအယောင်မိုးတိမ်တွေက
ကော်ပီစနစ်ရဲ့ ရင်းနှီးမှုတစ်ခု

စိတ်က လက်ဖက်ရည်ဆာတိုင်း
ဘဝဟာ လက်ဖက်ရည်ဆိုင်ကို မရောက်ခဲ့..

ဘေးထွက်ဆိုးကျိုးကို တားဖို့
ဘဝတစ်ခုကို ဘဝတစ်ခုက တားဖို့
အဲဒါတွေက ညှီစော်နံတယ်

ပုဆိုးခြုံထဲက လက်သီးလို
အခုစိုက် အခုအသီးပွင့်ချင်တိုင်း
မြွေဟာ အရေခွံ ခဏခဏလဲ

ပျံလိုက်တိုင်း မြားချက်သင့်နေရင်
ငါတို့
မီးပြတိုက်ပဲလုပ်မယ်…။

မိုးငယ်
(၂၀၀၆)

Wednesday, February 26, 2014

Run Lola Run

ဒီနေ့ ဘယ်လိုဖြစ်တယ်မသိဘူး။ ဖုန်းလည်းမလာဘဲ နားထဲ ဖုန်းသံလိုလိုကြားမိနေတယ်။ (အသက်ကြီးလာလို့လားမသိ)။ စိတ်ထဲက ဖုန်းသံကြားမိနေရင်း ကိုယ်ငယ်ငယ် ၁၄ ၅ နှစ်သားက ကြည့်ပြီးကြိုက်ခဲ့တဲ့ Run Lola Run ဆိုတဲ့ ဇာတ်ကားလေးပြန်သတိရမိတယ်။

အဲဒီအချိန်က နာမည်ကြီးခဲ့သလား၊ မကြီးခဲ့သလားတော့ မသိဘူး။ ကိုယ်တော့ ကြည့်နေတဲ့ တစ်ချိန်လုံး မျောပြီး မောနေခဲ့တာ။ ကြည့်ပြီးတော့လည်း တော်တော်ကြိုက်ခဲ့တယ်။ IMDb မှာ 7.8 ရထားတယ်။

၁၉၉၈ ခုနှစ်က ဒါရိုက်တာ Tom Tykwer ရိုက်ပြီး Franka Potente က Lola နဲ့ Moritz Belibtreu က Manni အဖြစ်သရုပ်ဆောင်ထားတဲ့ ဂျာမန်ဇာတ်ကားလေးပါ။ ဂျာမန်လိုတော့ Lola Rennt!



ဇာတ်လမ်းကတော့ Lola ဆိုတဲ့ ကောင်မလေးဆီကို သူ့ရည်းစား ဖုန်းဆက်တာက စတယ်။ ပစ္စည်းသယ်၊ ငွေပို့၊ မှောင်ခိုလုပ်တဲ့ ခပ်ဆိုးဆိုးရည်းစား  Manni က သူ့ဘော့စ် Ronnie ကိုပေးရမယ့် ဒေါ်လာ တစ်သိန်းတန် ငွေအိတ်ကို ရဲတွေရှောင်ရင်း မြေအောက်ရထားတွဲထဲမှာ ချန်ထားခဲ့မိတယ်။

Lola ဆီ ဖုန်းဆက်တဲ့အချိန်ကနေ မိနစ် ၂၀ အကြာ မွန်းတည့် ၁၂ နာရီတိတိမှာ အဲဒီပိုက်ဆံကို Ronnie ဆီမပေးနိုင်ရင် အသတ်ခံရမှာပါ။ ရထားပေါ်က ငွေအိတ်ကိုတော့ Manni ဝင်တိုက်ခဲ့မိတဲ့ အိမ်ခြေမဲ့အဖိုးကြီး တစ်ယောက်က ရသွားပါတယ်။

Manni ကတော့ ဖုန်းပြောနေရင်း လှမ်းမြင်တဲ့ မလှမ်းမကမ်းက စတိုးဆိုင်ကြီးကို ဓါးပြတိုက်ပြီး ဖြေရှင်းဖို့ စိတ်ကူးရတယ်။ သေနတ်တစ်လက်လည်း အဆင့်သင့်ရှိတယ်။ Lola က မိနစ် ၂၀ အတွင်းပိုက်ဆံတွေနဲ့အတူ Manni ဆီရောက်အောင်လာခဲ့မယ်ပြောပြီး သူရောက်လာတဲ့အထိ စောင့်ခိုင်းတယ်။ ပြောနေတုန်းမှာပဲ ဖုန်းကဒ်ငွေကုန်ပြီး လိုင်းကျသွားတယ်။

ဖုန်းခွက်ကိုချပြီး အကူအညီရနိုင်မယ့် သူတွေကို Lola စစဉ်းစားတယ်။ ခေါင်းထဲပေါ်လာတဲ့ အဖြစ်နိုင်ဆုံးလူက ဘဏ်မန်နေဂျာဖြစ်တဲ့ သူ့အဖေပါ။ ချက်ချင်းပဲ တိုက်ခန်းကနေ Lola စပြေးပါတယ်။

၈၁ မိနစ်ကြာတဲ့ ဇာတ်လမ်းတစ်ခုလုံးမှာ တိုက်ခန်းကနေ Manni ရှိတဲ့ဆီကို Lola ပြေးတဲ့အပိုင်း သုံးပိုင်းခွဲ ပြထားတယ်။ အပိုင်း သုံးပိုင်းမှာ  Lola ပြေးသွားတဲ့လမ်းတစ်လျောက် တစ်ကြိမ်နဲ့တစ်ကြိမ် ကြုံရတာတွေ မတူပါဘူး။
Chaos Therory တစ်ခုဖြစ်တဲ့ Butterfly Effect အလိုအရ ကမ္ဘာတစ်ခြမ်းက လိပ်ပြာလေးတစ်ကောင် ခတ်လိုက်တဲ့ တောင်ပံတစ်ချက်ကြောင့် တစ်နေရာမှာ ဟာရီကိန်းမုန်တိုင်းကြီးတစ်ခု ဖြစ်လာတယ်ဆိုတာလို မထင်မှတ်တဲ့ အခိုက်အတန့်ကလေးတွေကနေ အပြောင်းအလဲကြီးကြီးမားမားတွေ သယ်ဆောင်လာတတ်တာကို လှလှပပရိုက်ပြထားပါတယ်။



၉၈ ကဆိုတော့ ကြာပေမယ့် မကြည့်ရသေးတဲ့သူတွေအတွက်တော့ အသစ်ပေါ့။
မိနစ် ၂၀ အတွင်း Lola သူ့ချစ်သူဆီ ရောက်သွားလား၊ သူ့အဖေဆီက အကူအညီရပါ့မလား၊ ပြေးသွားတဲ့ လမ်းတစ်လျောက်မှာရောဘာတွေ ကြံုရမလဲ၊ ပိုက်ဆံတွေရသွားတဲ့ အိမ်ယာမဲ့အဖိုးကြီး ဘာဖြစ်သွားလဲ၊ Manni ရော စတိုးဆိုင်ကို ဓားပြတိုက်ဖြစ်လား၊ Ronnie က Manni ကို သတ်လိုက်သလား… ဒေါ်လာတစ်သိန်းကကော..။

ပုံစံမတူပေမယ့် ဒီလို အချိန်ဇုန်အပိုင်းအခြားတစ်ခုအတွင်း မတူညီတဲ့ရှုထောင့်ပေါင်းစုံက ရိုက်ပြထားပြီး ကြိုက်တဲ့ကား တစ်ကားရှိပါသေးတယ်။ Vantage Point ပါ။

Run Lola Run ဟာ ဇာတ်ကားဆုပေါင်း ၄၁ ဆု ရာထားခံခဲ့ရပြီး ၂၆ ဆု ရခဲ့ပါတယ်။

ဟောဒီမှာ ရုပ်ရှင်အကြောင်း နဲ့ ကြည့်ဖို့ Youtube link ပါ။

Run… Lola Run!

Monday, February 17, 2014

မိုးသီးတွေကြွေ

နွေဦးတောင် မပီပြင်သေးဘဲ ချမ်းချမ်းအေးအေး ဖေဖော်ဝါရီလထဲ မိုးတွေရွာသတဲ့။

ဆယ်တန်းကျောင်းသားဘဝက ဒီအချိန်ဆို မီးမှောင်မှောင်ထဲ ဖယောင်းတိုင်လေးထွန်းပြီး .. နွေဦးကာလ မြူထသောအခါ တို့ .. တပေါင်းသာခေါင်လများနောင် တို့ ရွတ်ဖတ်ကျက်မှတ်နေခဲ့ရတာပါကော။

မိုးအေးလို့ ကော်ဖီပူလေးတစ်ခွက်နဲ့ နွေးချင်တဲ့သူတွေတော့ မေတ္တာပို့ရောမယ်။

ဟိုရှာသည်ကြည့်နဲ့ မနှစ်က မိုးသီးတွေရွာတုန်း ရိုက်ထားတဲ့ပုံတွေ ထွက်လာတယ်။ သကြားမင်းက ဘယ်အငြိုးနဲ့ ရေခဲလောက်စာလုံးမိုးတွေ ရွာချလိုက်လည်း မသိ။

ဟိုတစ်နွေ မိုးသီးတွေကြွေတဲ့ ညနေခင်းဆီကပေါ့။



Sunday, January 26, 2014

စကားတက္ကသိုလ်

ဒီနေ့ ဦးလေးစိုးရေးထားတဲ့ ‘စကားတက္ကသိုလ်/ခင်ယုမေ’ ဆိုတဲ့ ပိုစ့်ကို မတွေ့သေးခင်အထိ ဒီနာမည်နဲ့သီချင်းရှိမှန်း မသိခဲ့ဘူး။ ဘာဖြစ်လို့မသိတာလဲဆိုတော့ မသိလို့ မသိတာပဲပေ့ါ ..။ ဦးလေးစိုးရေးထားတဲ့ခေါင်းစဉ်ကို မြင်လိုက်တော့မှ ဟမ်.. ဘယ်လို .. ဆိုပြီး ဖြစ်သွားတယ်။ အဲဒါနဲ့ ဘာအကြောင်းပါလိမ့်ဆိုပြီး အလောတကြီးဖတ်လိုက်ရသေးတယ်။

စကားတောင်စားလို နှုတ်ရေးကြွယ်တဲ့ချစ်သူအကြောင်း ဘာညာရေးထားတဲ့ သီချင်း။ သီချင်းနာမည်က စကားတက္ကသိုလ်။ ပရက်စ်လေရဲ့သီချင်းအလိုက်ကို ခင်ယုမေဆိုခဲ့တယ် ဆိုကတည်းကကြာပြီပေါ့။ ဦးလေးစိုး ရေးထားတာကိုက ၂၀၁၀ ဒီဇင်ဘာကတည်းက။ ဟေမာနေဝင်းလည်း ဆိုဖူးသတဲ့။ အဟဲ မကြားဖူးဘူးခင်ဗျ။ အဲဒီဦးလေးရေးတဲ့စာတွေဖတ်ရတိုင်း စာရေးကောင်းသလို မှတ်သားစရာတွေများပေမယ့်

မှန်တာဝန်ခံရရင် ဒီပိုစ့်မှာတော့ ကိုယ်က ပါတဲ့အကြောင်းအရာတွေထက် ခေါင်းစဉ်ကိုပဲ စိတ်ဝင်စားတာ။ နောက် ဝန်ခံရရင် တစ်ချိန်လုံး ဂူဂဲလ်နေပေမယ့် ဒီစကားစုလေးကိုတော့ တစ်ခါမှဂူဂဲလ်င်း မလုပ်မိဖူးဘူး။
ဝေါဟာရဆိုတာ ခေတ်နဲ့အညီ ဆင့်ကဲတိုးတက်ပြောင်းလဲပြီး အသစ်အသစ်တွေ အမြဲပေါ်နေတယ်ဆိုတာ သိပေမယ့် ဒီ စကားတက္ကသိုလ်ဆိုတာကိုတော့ တစ်ခါမှမကြားဖူးခဲ့ပဲ ကိုယ့်ဘာသာကိုရတဲ့ စိတ်ကူးအတွေးနဲ့ ကိုယ့်ဘာသာကိုကြိုက်နေခဲ့တာ ကြာပြီ။ အခုမှ ဂူဂဲလင်းလုပ်ကြည့်တော့ ၄၅၉ ခုတောင် ထွက်လာတယ်။ သူများတွေအတွက်တော့ ဘာထူးဆန်းလဲလို့ ရှိလိမ့်မယ်။ ဒါကတော့ .. ဗျာ။

လင်းရရင်တော့.. ဒီလိုပါ။ ကိုယ်တက်ခဲ့တဲ့တက္ကသိုလ်က နိုင်ငံခြားဘာသာတက္ကသိုလ်။ ဘာသာစကားသင်တဲ့ တက္ကသိုလ်ပေမို့ နယ်ပယ်အသီးသီးကလူတိုင်း အထိုက်အလျောက် ပတ်သက်တက်ရောက်ဖူးနိုင်ပေမယ့် ကိုယ်တွေက မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်ရဲ့ ဘွဲကြိုတန်းကို တတိယအသုတ်အဖြစ် တက်ခွင့်ရခဲ့တာ။ (အဲဒါကြီးထည့်ပြောလိုက်တော့ အသက်ကြီးတာ လူသိတာပေါ့ ဟကောင်ရ)။

ဘာပဲဖြစ်ဖြစ် တက္ကသိုလ်တွေ မှိုလိုပေါက်နေတဲ့ အမိမြေကြီးမှာ ရှားရှားပါးပါးလို့ ပြောရမလား .. ထူးထူးဆန်းဆန်းလို့ပဲ ဝိသေသပြုရမလား .. နိုင်ငံခြားဘာသာတက္ကသိုလ်က ရန်ကုန်နဲ့ မန္တလေး မြို့ကြီးနှစ်မြို့မှာ နှစ်ကျောင်းပဲရှိတာကလား ..။

မန္တလေးတက္ကသိုလ်ကျောင်းဝန်းထဲက နိုင်ငံခြားဘာသာတက္ကသိုလ်မှာ အများသူငှာ တက္ကသိုလ်တွေကျောင်းတွေ စာမေးပွဲတွေဖြေ ပိတ်ခါနီးရင် ကိုယ်တွေ အတန်းကဖွင့်။ ကိုယ်တွေ စာမေးပွဲဖြေရတော့မယ်ဆို.. တခြားအတန်းတွေကဖွင့်၊ ကျောင်းပိတ်ပါလို့ အိမ်မပြန်နိုင်တဲ့ ဆရာ၊ ဆရာမတချို့အငြိုအငြင်ခံပြီး တက်ခဲ့ရတာလည်း တက္ကသိုလ်သမိုင်းတလျှောက်မှာ ဒီတစ်တန်းပဲရှိမယ်မှတ်တာပဲ။

ကျောင်းသားတိုင်း နိုင်ငံခြားဘာသာတက္ကသိုလ်ဆိုတာထက် ရန်ကုန်ဆို YUFL, မန္တလေးဆို MUFL လို့ပဲ အလွယ်ခေါ်ကြတယ်။ အရင့်အရင် University မတိုင်ခင် Institute ခေတ်တုန်းကတော့ IFL လို့ဝိဂြိုဟ်ပြုဖူးခဲ့တာပေါ့။

ဘဝတစ်လျှောက် တက္ကသိုလ်နောက်ခံနဲ့ပတ်သက်ပြီး ကြည့်ခဲ့ဖူးတဲ့ ဓာတ်ရှင် အဲ ရုပ်ရှင်တွေလည်းမနည်း၊ ကြိုက်တဲ့ သီချင်းတွေလည်း တပုံတပင်၊ ဖတ်ခဲ့ဖူး ရင်ခုန်ခဲ့ဖူးတဲ့ ဝတ္တုရှည်ကြီးတွေကလည်း တနင့်တပိုးရှိခဲ့တာကိုး..။ ကိုယ့်မှာ ကဗျာကညစ်နဲ့ စာတိုပေစလေးတွေရေးချင်တဲ့ ဝါသနာဓာတ်ခံလေးကလည်း ရှိလေတော့ ‘လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ’ (The Class) လို ကမ္ဘာကျော်တက္ကသိုလ်နောက်ခံ ဝတ္တုကြီးမျိုး မျိုး.. မဟုတ်ရင်တောင်၊ တက္ကသိုလ်ဘုန်းနိုင်ကအစပြုလို့ ဟိုတစ်စ သည်တစ်စ တက္ကသိုလ်နောက်ခံဝတ္တုတွေကနေ ပနး်ကြာဝတ်မှုန်..အထိ ..လိုမျိုး .. မဟုတ်ခဲ့ရင်တောင်မှ (ရှည်တာကွာ) ကိုယ်စီးမျောပျော်ဝင်ဖြတ်သန်းခဲ့တဲ့ တက္ကသိုလ်ကာလတွေ အကြောင်းကို ဖတ်ပျော်တဲ့ ဝတ္တလေးတစ်ပုဒ်လောက် ရေးလည်းရေးချင်၊ ရေးဖို့လည်း အားထုတ်ထားမိတယ်။

ဝတ္တုကသာ တစ်ဖြတ်တစ၊ ရေးလိုက်ခြစ်လိုက် ဖြတ်လိုက်ပယ်လိုက်နဲ့ ဘယ်ဆီနေမှန်းမသိတာ။ နာမည်ကတော့ ပေးထားပြီးသား။ ညီမတော်က မမွေးသေးတဲ့ သူ့သမီးလေးအတွက် တစ်နေ့တစ်မျိုး မရိုးရအောင် နာမည်အမျိုးမျိုးပေးနေသလိုတော့ မဟုတ်ဘူး။ ကိုယ်က နာမည် သတ်သတ်မှတ်မှတ်ပေးထားပြီးသား။

ကိုယ်တွေတက်ခဲ့ရတာက ဘာသာစကားတွေကို တခုတ်တရသင်တဲ့ တက္ကသိုလ်။ နိုင်ငံခြားဘာသာ တက္ကသိုလ်ဆိုတာ ခေါ်ရထောက်တယ်။ မြန်မာဆန်ချင်ပြန်တော့ UFL လည်း အလွယ်သာခေါ်တာ မကြိုက်ချင်ပြန်ဘူး ..။

ဒီလိုနဲ့ …

ပေးထားမိတဲ့နာမည်က …

ဘာသာရပ်ခြား စကားတွေပြော၊ စကားတွေ နားလည်၊ စကားတွေ သင်တဲ့တက္ကသိုလ် ..

ချစ်တဲ့ စကားတက္ကသိုလ် …

ကျွန်တော်နဲ့ စကားတက္ကသိုလ်နေ့ရယ်များ ..ပေါ့