ကဗျာဆရာဖန်တီးထားတဲ့
ဒီဇင်ဘာနေ့လယ်ခင်းဟာ
ပြောရရင်
ထိလွယ်ရှလွယ် အခြေအနေ
“အချစ်ခံရသူရဲ့ ဒုက္ခက မသေးဘူးဗျ”
ဆိုင်းမဆင့်ဗုံမပါ
ကဗျာဆရာ့အသံဟာ
ကုတ်ဘူးဖောက်သံနဲ့ မသဲကွဲ..
ဒီလိုနဲ့ပဲ
နှုတ်ကထုတ်မပြောပေမယ့်
ကဗျာဆရာ လဲခဲ့ဖူးတဲ့
ကမ္ဘာတစ်ခုနဲ့အပြံုးလေးတစ်ပွင့်အကြောင်း
ရင်ဘတ်နဲ့ကြားမိတယ်။
အချိန်ကိုတိုက်စားတဲ့
ချစ်ခြင်းမေတ္တာဟာ
မတောင်းဘဲပြည့်တဲ့ ဆုလေလား
မတောင်းဘဲပြည့်တဲ့ ဝဋ်လေလား
ကမ္ဘာတစ်ခြမ်းလင်းဖို့
ရည်ရွယ်ချက်ရှိရှိ
ကမ္ဘာတစ်ခြမ်းမှောင်ပေးခဲ့လေသလား
ဘယ်လိုပဲဖြစ်ဖြစ်
အရာရာဆုံးရှုံးဖူးသူရဲ့
တစ်ကိုယ်ရေ အိပ်တန်းပြန်ညနေဟာ
အလဲလဲ အကွဲကွဲ အထီးကျန်ဆဲပါပဲ
ဘူတာရုံမှာ
မြင်မြင်သမျှ
အလွမ်းတွေ သည်းအောင်ရွာနေတယ်
တော်ပြီကွယ်
ငါပြန်တော့မယ်
ခပ်ဝေးဝေးအလင်းဆိုင်ထဲက
ကြယ်တွေစုံတဲ့ညကို
စိတ်မှတ်နဲ့ လိုက်ညည်းမိတော့
ကမှုးရှုးထိုး ကားရောင်စုံနဲ့
ကွန်ကရစ်တောအုပ်ကြားက
ပလက်ဖောင်းကျဉ်းဟာ
အမေ့အိမ်ကို ပြန်တဲ့လမ်းဖြစ်သွားတယ်
နောက်ပြီး
“ဘဲကြီး ကဗျာတွေရေးဦး” လို့ပြောတဲ့
ကဗျာဆရာရဲ့အသံကိုကြားတယ်။
မိုးငယ်
၄ ဒီဇင်ဘာ ၂၀၁၄
No comments:
Post a Comment