Sunday, December 14, 2014

ကျွန်တော်နှင့် စကားတက္ကသိုလ်နေ့ရက်များ (၁)

Zawgyi Version

ငါမမေ့၍
ဆောင်းနေ့တစ်ရက် ၊ ငါမြင်မက်သည်
အိမ်မက်ထဲက တက္ကသိုလ် . . . ။
မြရည်ပိန်းပိန်း ၊ မြက်ခင်းစိမ်း၌
ရှိမ်းရှိမ်းနုနု ၊ ပုရစ်ဥနှင့်
နုနေပေဆဲ . . . နှင်းငွေ့ထဲ . . . ။
(ပျဉ်းမနား မောင်နီသင်း)

အဲဒီနေ့က ခပ်ရို့ရို့တိမ်တစ်အုပ်နဲ့ နေသာတဲ့ သြဂုတ်လရဲ့ပုံမှန်မနက်ခင်းတစ်ခုပါပဲ။ အများသူငါတွေလို တက္ကသိုလ်ကျောင်းသားတစ်ယောက်ရဲ့ဘဝကိုရင်ခုန်ပြီး မနက်အစောကြီးထဖြစ်တဲ့ နေ့မဟုတ်ခဲ့တာတော့ သေချာ တယ်။ ကျောင်းစဖွင့်တာလည်း နှစ်ပတ်လောက်တောင် ရှိနေမင့်ကိုး။

ပြင်သစ်ဘာသာတက်ခွင့်ရထားတဲ့ အောင်မြတ်က မန္တလေးတက္ကသိုလ်အရှေ့ဘက်မှာရှိတဲ့ ကျွန်တော့အိမ်ကို ဝင်ခေါ်တယ်။ သူနဲ့ကိုယ်နဲ့က ဆယ်တန်းပြီးတော့ အင်္ဂလိပ်စာသင်တန်းတစ်ခုမှာ စတွေ့ကြတာ။ ဆယ်တန်းပြီးမှ သိပေမယ့် သိပ်မကြာပါဘူး ငယ်ပေါင်းတွေလို ရင်းနှီးသွားတာပဲ။ ကျောင်းစတက်မယ့်နေ့ဆိုတော့ ဘာသင်မယ် မသိသေး။ စာသင်ခန်းဘယ်နားရှိလည်း မသိသေးတော့ ဗလာစာအုပ်တစ်အုပ် လွယ်အိတ်ထဲထည့်ပြီး နှစ်ယောက် သား စက်ဘီးကိုယ်စီနဲ့ ချီတက်ခဲ့ကြတယ်။

သိတဲ့အတိုင်း မန္တလေးတက္ကသိုလ်ဝင်း အနောက်တောင်ထောင့်က လေးထပ်ကျောင်းဆောင်ကြီးဟာ ကျွန်တော်တို့ ချစ်တဲ့ တက္ကသိုလ်ကြီးပေါ့။ အားလုံးကတော့ လေးထပ်ဆောင်လို့ အလွယ်ခေါ်ကြတယ်။ ပထမဆုံးတွေ့တဲ့အထပ်ကို ပထမထပ်ဆိုရင်တော့ လေးထပ်ဆောင်ပါပဲ။ ဒါပေမယ့် ပထမဆုံးတွေ့တဲ့အထပ်ကို မြေညီထပ်လို့ခေါ်မယ်ဆိုရင် စတုတ္ထထပ်က တတိယထပ် ဖြစ်သွားရော။ British English နဲ့ American English ရှုပ်ကြသပေါ့လေ။ နောက် လည်း ဌာနတွေ၊ အခန်းတွေ လမ်းညွှန်တိုင်း ခဏခဏ နားလည်မှုလွဲတာပါပဲ။ ဂျောက်ချလို့လည်းကောင်းသပေါ့ လေ။

ကျောင်းရောက်တော့ ကော်ရစ်ဒါမှာ သန့်ရှင်းရေးတချို့ တံမြက်စည်းလှည်းနေကြတယ်။ ပထမထပ်တောင့်ချိုးက အောင်မြတ်တက်နေတဲ့ ပြင်သစ်စာသင်ခန်းကို ခနဝင်ကြည့်တယ်။ အာ ဘေ စေ ဒေ တွေကျော်လို့ ကွန်မွန့်တာလေဗူး တွေ ဆာဗားတွေ.. ဘာတွေ လုပ်နေကြပြီ။

အောင်မြတ်က အင်္ဂလိပ်စာအတန်းဘက် လိုက်ပို့မယ်ဆိုလို့ အင်္ဂလိပ်စာ ဌာနဘက်ကို အတန်းရှာ ထွက်ခဲ့ကြတယ်။ ကျောင်းဖွင့်တာ လဝက်တောင်ကျော်ပြီဆိုတော့ အောင်မြတ်က သူ့အတန်း နဲ့သူ အသားတကျဖြစ်နေပြီ။ ကိုယ်သာ မွေးဆေးက ကျောင်းပြောင်းလာရတာမို့ သူများတွေထက် နောက်ကျနေရတာ။

အင်္ဂလိပ်စာဌာနက ခပ်မြင့်မြင့်ပဲ။ (အင်္ဂလိပ်စာဌာနက ခပ်မြင့်မြင့်ဆိုလို့ တရုတ်ဌာနက သိပ်ကျေနပ်မယ်မထင်ဘူး။ ဒီဌာနနှစ်ခုပဲ အပေါ်ဆုံးထပ်မှာရှိတာ)။ လေးထပ်ဆောင် အပေါ်ဆုံးအထပ် အနောက်ဘက်ထာင့်စွန်းမှာရှိတာ ဆိုတော့ အတော်တက်ယူရတယ်။

စာသင်ချိန်ဆို ဌာနမှာဆရာဆရာမတွေနဲ့ စည်ကားနေမယ်မှတ်တာ။ ဌာနရှေ့ရောက်တော့ အထဲမှာ ဆရာ၊ ဆရာမတစ်ယောက်မှ မတွေ့ဘူး..၊ အသက်ကြီးကြီး အသားခပ်ညိုညို အဝတ်ခပ်နွမ်းနွမ်းနဲ့ သန့်ရှင်းရေးလို့ ထင်ရတဲ့ အမျိုးသမီးကြီးတစ်ယောက်ပဲ တံမြက်စည်းလှည်းနေတာတွေ့ရတယ်။

ကျွန်တော်တို့ နှစ်ယောက်မြင်တော့ ” ယူတို့ ဘာလာလုပ်ကြတာလဲ၊ အိုင်ဘာလုပ်ပေးရမလဲ ” ဆိုပြီး ယူတွေ အိုင်တွေနဲ့မေးတယ်။

” ကျွန်တော်တို့ အင်္ဂလိပ်မေဂျာအခန်းလိုက်ရှာနေကြတာပါ ” လို့ တစ်ယောက်ကိုတစ်ယောက် မျက်စပစ်ရင်းပြန် ဖြေလိုက်တယ်။

အဲဒီတော့ ” ယူတို့ဘာလို့ နောက်ကျနေတာလည်း သင်ခန်းစာတွေလွတ်ကုန်တော့မှာပဲ ” လို့မည်တွန်တောက်တီး နေသေးတယ်။ အမျိုးသမီးကြီးက တံမြက်စည်းကို နံရံမှာ အသာကပ်ထောင်လိုက်ပြီး ” လာလာ အိုင် လိုက်ပို့မယ် ” လို့ပြောရင်း စာသင်ခန်းရှိတဲ့ဆီ လိုက်ပြတယ်။ ခပ်ဝေးဝေးပါပဲ ဌာနနဲ့တစ်ခန်းကျော်မှာတင် သင်နေတာရယ်။

အတန်းရှေ့ကိုရောက်တော့ မီးပုံးပျံအကျီကြီး ဝတ်ထားတဲ့ ဆရာမတစ်ယောက် စာသင်နေပြီ။ (ဆရာမက ကိုဝင်းကြည် နဲ့ အဲလေ..ကိုယ်ဝန်ကြီးနဲ့မို့ မီးပုံးပျံအကျီကြီးဝတ်ထားတယ်လို့ပြောတာ)။ ကျွန်တော်တို့ကိုမြင်တော့ စာသင်တာ ခဏရပ်ပြီး ဆရာမက လှမ်းကြည့်တယ်။ ( ဆရာမတစ်ယောက်ရှေ့မှာရပ်နေလို့သာ စာသင်နေတယ် ထင်ရတာ၊ ကမ္မဌာန်းကျောင်းအလားမှတ်ရတယ်၊ ငြိမ်ဆိတ်နေတာပဲ)။

လိုက်ပို့တဲ့အမျိုးသမီးကြီးက ” တီချယ်ရေ ဒီမှာ ယူ့ ကျောင်းသားနှစ်ယောက်နောက်ကျနေလို့ ” လို့လှမ်းပြောတယ်။ ကျွန်တော်က ” နှစ်ယောက်မဟုတ်ဘူးခင်ဗျ တစ်ယောက်ထဲပါ။ သူက ပြင်သစ်က ကျွန်တော့ကို လိုက်ပို့တာ ” လို့ ပြန်ဖြေရင်း ဒီအတန်းပြီးရင်တွေ့ဖို့ လက်နဲ့အချိန်းအချက်ပြီပြီး အတန်းထဲကိုဝင်ခဲ့တယ်။ အောင်မြတ်လည်း သူ့ အတန်းသူ ပြန်သွားလေရဲ့။

ထိုင်ဖို့နေရာကြည့်လိုက်တော့ တစ်တန်းလုံး ပုပုကွကွ အဲလေ နုနုရွရွ မိန်းကလေးတွေ ချည်းပဲ ၄၀ ကျော်လောက်ရှိ မယ်။ ယောကျ်ားလေးဆိုလို့ တစ်ယောက်ပဲတွေ့တယ်။ (နောင်တစ်ချိန် ကိုကိုကင်းဖြစ်လာမယ့်သူပေ့ါ)။ ဒါနဲ့ပဲ ဘေးဘီ ကြည့်ရင်း လွတ်တဲ့ခုံတန်းမှာ ဝင်ထိုင်လိုက်တော့ ဆရာမကမေးပါလေရော။

” ကဲ တီချယ်ကြီးကိုယ်တိုင်လိုက်ပို့ရတဲ့ ကျောင်းသား ကိုယ့်ကိုယ်ကို မိတ်ဆက်ပါဦး ” တဲ့။

ဗျာ ” ဘယ်က တီချယ်ကြီးလည်း ” လို့ ကျွန်တော်က ပြန်မေးတော့ ဆရာမက မျက်လုံးကြီးပြူးပြီး ပြန်ကြည့်တယ်။

စကားတက္ကသိုလ်နေ့ရက်တွေက အဲဒီလိုအလွဲတွေနဲ့ စတာပဲကိုယ့်လူရေ့။ ကိုယ်တွေသန့်ရှင်းရေးလို့ထင်တဲ့ တံမြက်စည်းလှည်းအမျိုးသမီးကြီးက ကိုယ့်တို့ အင်္ဂလိပ်စာဌာနမှှုး ပါမောက္ခဆရာမကြီး ဒေါ်ကတ်သရင်း(Prof Catherine) တဲ့။



No comments:

Post a Comment