Zawgyi Version
” ဆုတောင်းဆိုတာ မင်းရယ်ငါရယ် ပစ်ချထားခဲ့ဖူးတဲ့ ခိုစာတွေ “
ငါ့နေက မင်းဘက်က အစောကြီးထွက်တယ်
ငါ့မျက်လုံးဆုံးတဲ့အထိ ငါ့စိတ်က မဆုံးသေးဘူး
မင်းပြန်တင်ပေးချင်တဲ့ကြယ်ဟာ ငါ့ချည်တိုင်မှာ
အကြွင်းမဲ့ပျော်ရွှင်မှုနဲ့ ဘယ်သူကြုံဖူးသလဲ
အိမ်ပြင်ကို တစ်ညလုံး ငါထွက်ကြည့်ဖြစ်တယ်
ဆယ်စုနှစ်တစ်စုရဲ့ နောက်ကြည့်မှန်ထဲ
ဂန္တဝင်တေးသွားတွေ သယ်လာတဲ့ ငါ့ကို တွေ့တယ်
စက္ကူလေယဉ်ပျံလေးတစ်စင်း ပြင်ထားတဲ့ မင်းကို တွေ့တယ်
တစ်ကြွင်းတဲ့ တနင်္ဂနွေတွေထဲ
မင်းနဖူးပေါ်က စံပယ်ပွင့်လေး ဘယ်သူတွန်းရွှေ့ခဲ့သလဲ
မင်းအသက်ရှုသံပေါ်က ဆွဲကြိုးလေး ဘယ်သူတတ်ပေးခဲ့သလဲ
ငါအံ့အားသင့်ရ
မင်းနှုတ်ခမ်းလေး တင်းစေ့ထားတာ
ငါ့အထီးကျန်မှုပဲဆိုတာ ငါပြန်သတိရ
ငါအံ့အားသင့်ရ
ငါရုပ်ရှင်ရုံထဲ ဝင်ထိုင်မိတဲ့အခါ
ကြိမ်ဖန်များစွာငေးကြည့်ဖူးတဲ့
ရယ်သံတစ်ခုကို ငါပြန်သတိရ
ငါအံ့အားသင့်ရ
ငါ့ကိုယ်စား
ပိတ်မိနေတဲ့ နေသားကျလွန်ကဲမှုအပေါ်
ယတိပြတ်သံသယရှိဖို့ မင်းစိတ်ကူးခဲ့စဉ် ငါရှိခဲ့တယ်
ငါ့ကိုယ်စား
ရုပ်ပြန်ဖျက်ထားတဲ့ အရှိန်သေနာကျင်မှုအပေါ်
မိုင်ကုန်မောင်းနှင်ဖို့ မင်းငြင်းပယ်နေစဉ်မှာလဲ ငါရှိနေဆဲ
ငါတို့နှစ်ယောက်ဟာ အတ္တကြီးစွာ အသံတွေ ဖူးပွင့်မယ့်နေ့ကို စောင့်နေတယ်
ဆုတောင်းဆိုတာ မင်းရယ်ငါရယ် ပစ်ချထားခဲ့ဖူးတဲ့ ခိုစာတွေပဲ
လက်ခံထားလိုက်တဲ့ သံယောဇဉ်ဆိုတာ
မအောင်မြင်ခဲ့တဲ့ ပြက်လုံးတွေဖြစ်ကြောင်း
ငါတို့ပဲ သိတယ်
ပုခုံးပေါ် ကျော််ကျော်ကြည့်ဖူးတဲ့
ထက်ဝက်ပျက် နှုတ်ဆက်မှုတွေကို
ငါဘယ်လို လှမ်းခေါ်ရဦးမလဲ
ပက်လက်ကုလားထိုင်တစ်လုံးပေါ်က
အပျော်တမ်း မီးခိုးငွေ့တွေကို
မင်းလည်း ငါ့လိုဆို ခံတွင်းပျက်မိမှာပဲ။ ။
သက်ထွေး
၂၆ စက်တင်ဘာ ၂၀၁၄
No comments:
Post a Comment