Zawgyi Version
လနက်နက် ညမှာထွက်ပြီလား
ပိုးစုန်းကြူးအိုက မေးတယ်
မျှော်လင့်သမျှအရာရာတိုင်း
မိုးရေ စိုစွတ်နေမှတော့
အိမ်လည်း မပြန်ဖြစ်တော့ဘူးပေါ့
အိပ်မက်က ငါ့ကို ဂျစ်ပဆီတွေလိုပြုံးပြရဲ့..။
အဲဒီမြို့ရဲ့လမ်းအိုကွေ့ချိုးမှာ
ဂစ်တာအိုလေးငါ့ကိုမျှော်နေလေမလား
တွေးလေးဝေးလေ အတိတ်ထဲ
ဖုန်တက်နေတဲ့ အတ္တတွေအထပ်ထပ်မို့
ကိုယ့်ကို စစ်နေမှန်းမသိတဲ့
စာမေးပွဲတွေလည်း ခဏခဏကျ…။
တကယ်ဆို သူသိနေမှတော့
အလွမ်းဆိုတာ ဖြစ်လာပါတော့မလား
ဒီလိုနဲ့
အနမ်းတွေသာ
အချိန်ကာလ အပိုင်းအခြားရဲ့
အောင်မှတ်မရတဲ့ ဘာသာတွေဖြစ်လာတယ်..။
နှစ်သိမ့်တေးမဆိုကြေးမို့
ကြာခဲ့ပါပြီလေ…
နှစ်ကိုယ်ကြား ဘာသာစကားတွေ
တစ်ဘဝစာ
နောက်ကျခဲ့တယ်ဆိုတာ…။
မိုးငယ်
(၃၁ သြဂုတ် ၂၀၁၄)
No comments:
Post a Comment