Sunday, January 26, 2014

စကားတက္ကသိုလ်

ဒီနေ့ ဦးလေးစိုးရေးထားတဲ့ ‘စကားတက္ကသိုလ်/ခင်ယုမေ’ ဆိုတဲ့ ပိုစ့်ကို မတွေ့သေးခင်အထိ ဒီနာမည်နဲ့သီချင်းရှိမှန်း မသိခဲ့ဘူး။ ဘာဖြစ်လို့မသိတာလဲဆိုတော့ မသိလို့ မသိတာပဲပေ့ါ ..။ ဦးလေးစိုးရေးထားတဲ့ခေါင်းစဉ်ကို မြင်လိုက်တော့မှ ဟမ်.. ဘယ်လို .. ဆိုပြီး ဖြစ်သွားတယ်။ အဲဒါနဲ့ ဘာအကြောင်းပါလိမ့်ဆိုပြီး အလောတကြီးဖတ်လိုက်ရသေးတယ်။

စကားတောင်စားလို နှုတ်ရေးကြွယ်တဲ့ချစ်သူအကြောင်း ဘာညာရေးထားတဲ့ သီချင်း။ သီချင်းနာမည်က စကားတက္ကသိုလ်။ ပရက်စ်လေရဲ့သီချင်းအလိုက်ကို ခင်ယုမေဆိုခဲ့တယ် ဆိုကတည်းကကြာပြီပေါ့။ ဦးလေးစိုး ရေးထားတာကိုက ၂၀၁၀ ဒီဇင်ဘာကတည်းက။ ဟေမာနေဝင်းလည်း ဆိုဖူးသတဲ့။ အဟဲ မကြားဖူးဘူးခင်ဗျ။ အဲဒီဦးလေးရေးတဲ့စာတွေဖတ်ရတိုင်း စာရေးကောင်းသလို မှတ်သားစရာတွေများပေမယ့်

မှန်တာဝန်ခံရရင် ဒီပိုစ့်မှာတော့ ကိုယ်က ပါတဲ့အကြောင်းအရာတွေထက် ခေါင်းစဉ်ကိုပဲ စိတ်ဝင်စားတာ။ နောက် ဝန်ခံရရင် တစ်ချိန်လုံး ဂူဂဲလ်နေပေမယ့် ဒီစကားစုလေးကိုတော့ တစ်ခါမှဂူဂဲလ်င်း မလုပ်မိဖူးဘူး။
ဝေါဟာရဆိုတာ ခေတ်နဲ့အညီ ဆင့်ကဲတိုးတက်ပြောင်းလဲပြီး အသစ်အသစ်တွေ အမြဲပေါ်နေတယ်ဆိုတာ သိပေမယ့် ဒီ စကားတက္ကသိုလ်ဆိုတာကိုတော့ တစ်ခါမှမကြားဖူးခဲ့ပဲ ကိုယ့်ဘာသာကိုရတဲ့ စိတ်ကူးအတွေးနဲ့ ကိုယ့်ဘာသာကိုကြိုက်နေခဲ့တာ ကြာပြီ။ အခုမှ ဂူဂဲလင်းလုပ်ကြည့်တော့ ၄၅၉ ခုတောင် ထွက်လာတယ်။ သူများတွေအတွက်တော့ ဘာထူးဆန်းလဲလို့ ရှိလိမ့်မယ်။ ဒါကတော့ .. ဗျာ။

လင်းရရင်တော့.. ဒီလိုပါ။ ကိုယ်တက်ခဲ့တဲ့တက္ကသိုလ်က နိုင်ငံခြားဘာသာတက္ကသိုလ်။ ဘာသာစကားသင်တဲ့ တက္ကသိုလ်ပေမို့ နယ်ပယ်အသီးသီးကလူတိုင်း အထိုက်အလျောက် ပတ်သက်တက်ရောက်ဖူးနိုင်ပေမယ့် ကိုယ်တွေက မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်ရဲ့ ဘွဲကြိုတန်းကို တတိယအသုတ်အဖြစ် တက်ခွင့်ရခဲ့တာ။ (အဲဒါကြီးထည့်ပြောလိုက်တော့ အသက်ကြီးတာ လူသိတာပေါ့ ဟကောင်ရ)။

ဘာပဲဖြစ်ဖြစ် တက္ကသိုလ်တွေ မှိုလိုပေါက်နေတဲ့ အမိမြေကြီးမှာ ရှားရှားပါးပါးလို့ ပြောရမလား .. ထူးထူးဆန်းဆန်းလို့ပဲ ဝိသေသပြုရမလား .. နိုင်ငံခြားဘာသာတက္ကသိုလ်က ရန်ကုန်နဲ့ မန္တလေး မြို့ကြီးနှစ်မြို့မှာ နှစ်ကျောင်းပဲရှိတာကလား ..။

မန္တလေးတက္ကသိုလ်ကျောင်းဝန်းထဲက နိုင်ငံခြားဘာသာတက္ကသိုလ်မှာ အများသူငှာ တက္ကသိုလ်တွေကျောင်းတွေ စာမေးပွဲတွေဖြေ ပိတ်ခါနီးရင် ကိုယ်တွေ အတန်းကဖွင့်။ ကိုယ်တွေ စာမေးပွဲဖြေရတော့မယ်ဆို.. တခြားအတန်းတွေကဖွင့်၊ ကျောင်းပိတ်ပါလို့ အိမ်မပြန်နိုင်တဲ့ ဆရာ၊ ဆရာမတချို့အငြိုအငြင်ခံပြီး တက်ခဲ့ရတာလည်း တက္ကသိုလ်သမိုင်းတလျှောက်မှာ ဒီတစ်တန်းပဲရှိမယ်မှတ်တာပဲ။

ကျောင်းသားတိုင်း နိုင်ငံခြားဘာသာတက္ကသိုလ်ဆိုတာထက် ရန်ကုန်ဆို YUFL, မန္တလေးဆို MUFL လို့ပဲ အလွယ်ခေါ်ကြတယ်။ အရင့်အရင် University မတိုင်ခင် Institute ခေတ်တုန်းကတော့ IFL လို့ဝိဂြိုဟ်ပြုဖူးခဲ့တာပေါ့။

ဘဝတစ်လျှောက် တက္ကသိုလ်နောက်ခံနဲ့ပတ်သက်ပြီး ကြည့်ခဲ့ဖူးတဲ့ ဓာတ်ရှင် အဲ ရုပ်ရှင်တွေလည်းမနည်း၊ ကြိုက်တဲ့ သီချင်းတွေလည်း တပုံတပင်၊ ဖတ်ခဲ့ဖူး ရင်ခုန်ခဲ့ဖူးတဲ့ ဝတ္တုရှည်ကြီးတွေကလည်း တနင့်တပိုးရှိခဲ့တာကိုး..။ ကိုယ့်မှာ ကဗျာကညစ်နဲ့ စာတိုပေစလေးတွေရေးချင်တဲ့ ဝါသနာဓာတ်ခံလေးကလည်း ရှိလေတော့ ‘လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ’ (The Class) လို ကမ္ဘာကျော်တက္ကသိုလ်နောက်ခံ ဝတ္တုကြီးမျိုး မျိုး.. မဟုတ်ရင်တောင်၊ တက္ကသိုလ်ဘုန်းနိုင်ကအစပြုလို့ ဟိုတစ်စ သည်တစ်စ တက္ကသိုလ်နောက်ခံဝတ္တုတွေကနေ ပနး်ကြာဝတ်မှုန်..အထိ ..လိုမျိုး .. မဟုတ်ခဲ့ရင်တောင်မှ (ရှည်တာကွာ) ကိုယ်စီးမျောပျော်ဝင်ဖြတ်သန်းခဲ့တဲ့ တက္ကသိုလ်ကာလတွေ အကြောင်းကို ဖတ်ပျော်တဲ့ ဝတ္တလေးတစ်ပုဒ်လောက် ရေးလည်းရေးချင်၊ ရေးဖို့လည်း အားထုတ်ထားမိတယ်။

ဝတ္တုကသာ တစ်ဖြတ်တစ၊ ရေးလိုက်ခြစ်လိုက် ဖြတ်လိုက်ပယ်လိုက်နဲ့ ဘယ်ဆီနေမှန်းမသိတာ။ နာမည်ကတော့ ပေးထားပြီးသား။ ညီမတော်က မမွေးသေးတဲ့ သူ့သမီးလေးအတွက် တစ်နေ့တစ်မျိုး မရိုးရအောင် နာမည်အမျိုးမျိုးပေးနေသလိုတော့ မဟုတ်ဘူး။ ကိုယ်က နာမည် သတ်သတ်မှတ်မှတ်ပေးထားပြီးသား။

ကိုယ်တွေတက်ခဲ့ရတာက ဘာသာစကားတွေကို တခုတ်တရသင်တဲ့ တက္ကသိုလ်။ နိုင်ငံခြားဘာသာ တက္ကသိုလ်ဆိုတာ ခေါ်ရထောက်တယ်။ မြန်မာဆန်ချင်ပြန်တော့ UFL လည်း အလွယ်သာခေါ်တာ မကြိုက်ချင်ပြန်ဘူး ..။

ဒီလိုနဲ့ …

ပေးထားမိတဲ့နာမည်က …

ဘာသာရပ်ခြား စကားတွေပြော၊ စကားတွေ နားလည်၊ စကားတွေ သင်တဲ့တက္ကသိုလ် ..

ချစ်တဲ့ စကားတက္ကသိုလ် …

ကျွန်တော်နဲ့ စကားတက္ကသိုလ်နေ့ရယ်များ ..ပေါ့


No comments:

Post a Comment