ရသဝတ္ထုရှည်မဖတ်ဖြစ်တာ နည်းနည်းကြာပြီ။ မဖတ်ဖြစ်ဆို နည်းပညာစာအုပ်တွေနဲ့ပဲ လုံးပမ်းရင်း ရသစာပေနဲ့အလှမ်းဝေး လာသလိုပဲ။ ကြိုကြားကြိုကြားဆိုသလို လက်ဆောင်ရတဲ့ စာအုပ်တွေထဲက နောက်ဆုံးဖတ်ဖြစ်တာ ဒဂုန်တာရာရဲ့ ဝတ္တုတိုပေါင်းချုပ်။ အဲဒီနောက်ပိုင်း စာမဖတ်ဖြစ်ပြန်ဘူး။ ဖေ့စ်ဘွတ်ပေါ်က စာရေးကောင်းတဲ့သူတွေရဲ့ စတေးတပ်ရှည်တွေ နုတ်တွေတောင် ကိုယ့်ဝေါပေါ် only me နဲ့ပြန်ရှယ်ပြီး အားတဲ့အချိန်လောက်မှ ပြန်ကြည့်ဖြစ်တယ်။
ပြီးခဲ့တဲ့နှစ် တစ်ရက်က console သုံးရင် break လုပ်တဲ့ function ကိုရှာတာ ရုတ်တရက်ရှာမတွေ့။ Instagram မှာ Lenovo x240 သုံးတယ်လို့သိထားတဲ့သူချင်းမို့ အွန်လိုင်းကလှမ်း မေးရင်း မနှင်းနုနဲ့ ခင်ခဲ့တယ်။ Gemini ချင်းအတူတူမို့လည်း ပြောရင်းဆိုရင်း ခင်မင်ရင်နှီးခဲ့တယ်။
တစ်ရက်သူမြန်မာပြည်ပြန်တော့(တကယ်ကပြန်စေ့စပ်တာရယ်) စာရေးဆရာလက်မှတ်ထိုးနဲ့ စာအုပ်တစ်အုပ် instagram မှာတင်ပါလေရော။ ရှေးရှေးတုန်းက ကံ့ကော်ပွင့်တွေ..ဆိုတဲ့ ခေါင်းစဉ်ကဖမ်းစားသလို အောက်က စာရေးသူနာမည်ကလည်း ဆွဲဆောင်တယ်။ နာမည်က ရင်းနှီးနေတယ်။ စံပယ်ဖြူနုဆိုတာ ကိုယ်သိတဲ့ မဖြူနုပဲ ဖြစ်ရမယ်လေ။
မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှာ မဖြူနုတို့ ၉၇ အောင်တွေက ပထမဆုံးအသုတ် ကိုယ်တွေက တတိယအသုတ်။ အင်္ဂလိပ်စာတစ်မေဂျာတည်း တစ်ကျောင်းထဲထွက်။ နောက်ပြီး တစ်မိုးအောက်မဟုတ်ပေမယ့် အလုပ်သဘောသဘာဝ အတူတူလုပ်ခဲ့ဖူးသူတွေ။ သူကရန်ကုန်မှာ ကိုယ်က မန္တလေးမှာ။ မဖြူနုက သတင်းဆောင်းပါးတွေ အရေးကောင်းတယ်။ လူချင်းမဆုံပေမဲ့ စာတွေဖတ်ရတယ်။ ဒါပေမဲ့ အဲဒီအလုပ်ကို စွန်ခွာခဲ့ပြီးနောက်ပိုင်း သူ့စာတွေမဖတ်မိတော့ဘူး။ တကယ်တော့ သူ့စာမှမဟုတ် တခြား သတင်းဆောင်းပါး၊ သုတ၊ ရသတွေနဲ့ မဂ္ဂဇင်းဝတ္တုတွေနဲ့လည်း နည်းနည်းအလှမ်းဝေးလာခဲ့တယ်။
စံပယ်ဖြူနုလို့တွေ့တော့.. ကိုယ်သိတဲ့ မဖြူနုလို့ပဲအတတ်သိပြီး ဟော ဝတ္တုလုံးချင်းတွေတောင် ထွက်နေမှကောလို့ ဝမ်းသာအားရဖြစ်ရတယ်။ နောက်မှသိရတာ ဒီစာအုပ်က တတိယမြောက်တောင်ဖြစ်နေပြီ ရှေ့မှာ ခေတ်ရယ် အချစ်ရယ်ဆိုတဲ့ လုံးချင်းအပြင် မြောက်ဖျားက အလွမ်းရာသီဆိုတဲ့ ဝတ္တုရှည်နဲ့ အမျိုးသားစာပေဆု (၂၀၁၄)တောင် ရခဲ့ပြီးပြီလို့သိရတယ်။ ဒီလိုသိရတော့ ပိုပြီး မုဒိတာပွားရပြန်တာပဲ။
မနှင်းနုကို ပြန်ရောက်ရင် ငှားဖတ်ပါလို့ပြောမိတော့ .. ရတယ် ဖတ်ပြီးပြီဆိုပြီး စကားပြန်တယ်။ ဒါပေမယ့် ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ မအားတာနဲ့ပဲ စာအုပ်ယူတဲ့ဆီကိုမရောက်ဘူး။ ဒါတောင် သူနေတဲ့နေရာနဲ့ ဘတ်စ်ကား လေးငါးမှတ်တိုင်လောက်ဝေးတာရယ်။ ပြီးခဲ့တဲ့သောကြာညနေကတော့ ဖတ်မယ်ဆို စာအုပ်လာယူဖို့ပြောတာနဲ့ ညနေယူမယ်ဆိုပြီးချိန်းမိတာပဲ။ ဒါတောင် စာအုပ်က အသိမ်းလွန်နေလို့ သူကအားနာနေသေးတယ်။ စနေနေ့ညနေကျမှပဲ သွားယူဖြစ်တော့တယ်။ ကိုယ်ကိုယ်တိုင်လည်း စာရေးဆရာလက်မှတ်ထိုးပါတဲ့စာအုပ်တွေကို တန်ဖိုးထားသူမို့ တကူးတကငှားပေးတာကို ကျေးဇူးတင်ရပါတယ်။
ရှေးရှေးတုန်းက ကံ့ကော်ပွင့်တွေ ဆိုတော့ ပထမထင်မိတာ တက္ကသိုလ်နောက်ခံချစ်ခြင်းဖွဲ့ ပေါ့ပေါ့ပါးပါးပဲပေ့ါ။ အမှာစာကို ဖတ်မိတော့ Jhumpa Lahiri ရဲ့ Unaccustomed Earth ထဲက Hell-Heaven ဝတ္တုတိုကို စိတ်ကူးတည်တယ်ဆိုလို့ ဂူဂဲလ်ခေါက်ပြီး pdf ပါတစ်ခါတည်းဒေါင်းလိုက်တယ်။ တကယ်ကတော့ စာအုပ်ဝယ်ဖတ်ဖို့ပါ။ ဒါပေမယ့် မြန်မြန်ဖတ်ဖို့ အလွယ်ရတဲ့ pdf ကိုပဲဒေါင်းလိုက်မိတာ ဝန်ခံရမှာပဲ။
ဒါနဲ့ပဲ စာအုပ်ကို စဖတ်ပါလေရော။ ကိုယ်က အရင်ကတည်းက တက္ကသိုလ်ကိုချစ်တဲ့သူ တက္ကသိုလ်တွေ စုံအောင်လည်း တက်ခဲ့ရတဲ့သူဆိုတော့ တမာရနံ့တွေ၊ စိန်ပန်းနီနီတွေ၊ ခရေပန်းနံ့တွေနဲ့မွန်းထုံနေတဲ့ မန်းတက္ကသိုလ်အပြင် ရန်ကုန်တက္ကသိုလ်ဝန်းက ကံ့ကော်ပန်းနံ့တွေလည်း စိတ်ကူးထဲမှာ ချက်ချင်း မွှေးမြလာတာပါပဲ။
အပြင်မှာမိုးတဖြောက်ဖြောက်မပျင်းမရိရွာနေတဲ့ ကျွန်းကလေးရဲ့ တနင်္ဂနွေမှာ ကိုယ်လည်း လင်းနဲ့အတူ စီးမျောရင်း တက္ကသိုလ်မြေကို ပြန်ရောက်သွားတယ်။ အတိတ်အလွှာတွေထဲမှာ ကိုယ်သိပ်ကြိုက်တဲ့ နွေဦးကံ့ကော်နဲ့ ဝေးသွားတဲ့အခါကိုလည်း ဇာတ်လိုက်အဖြစ်တွေ့ရတယ်။ လှတဲ့ ရှေးရှေးတုန်းက ကံ့ကော်ပွင့်တွေပါပဲ…။
စာရေးသူကတော့
“...ကုန်လွန်ခဲ့သော အတိတ်မှ အချို့သော အမှတ်တရတို့သည် ပစ္စုပ္ပန်သို့ ရောက်သည့်တိုင် လှမြဲ လှနေလေ့ရှိသည်။ အချို့ကတော့ အတိတ်တွင်သာ လှနိုင်သည်။...” တဲ့။
၈ ဒီဇင်ဘာ ၂၀၁၅
No comments:
Post a Comment