” အမေ့ခေါ်သံ ”
အရုဏ်အတက်
ကုလားတက်ခေါက်သံကြားတော့
သား နိုးနေပြီ အမေ
သားက ဧည့်သည်
အမေ့အိမ်မှာ သားဟာ
ဧည့်သည်ပါ။
အိမ်ကထွက် ရွာဘက်ကခွာ
မြို့ကိုတက် ပညာရှာ
နှစ် သုံးဆယ်ကြာတော့
ပညာပါမက ကြင်ရာပါမက
ရင်အနာပါ ရခဲ့ပေါ့
အသက်က ၄၀ လွန်
မျက်မှန်ကတစ်လက် ဂုဏ်နဲ့စက်ပြီး
မနက်ကဝယ်လာ ညနေမှာတပ်
ရပ်ရွာကိုတွေး စာကိုရေးတော့
ကလေးကလားနဲ့ သားရဲ့ဝါသနာ
(ခွင့်လွှတ်ပါ)
အမေ့ဖို့စာ ကဗျာနဲ့ပဲ ရေးမိတယ်။
တစ်ခုသောည
ညဉ့်နက်လှပြီ
ရှိသမျှ မြေးသား
လသာသာ ကွင်းကျယ်ကျယ်
မျောက်အုပ်လယ် ယုန်ရောက်သလို
ခုန်ခုန်ပေါက်ပေါက်နဲ့ မီးတောက်အောင်ကစားလို့
မောမှသာနား၊ အိပ်သွားကြပြီ
နွားနှစ်ကောင် စားမြုံ့ပြန်လို့
ခြူသံကြိုးကြား
အမြီးဖျား တဖျပ်ဖျပ်
ခြင်ယပ်တာလည်း ကြားရပြီ။
အမေရယ် သားရယ်
ရေနွေးကရားရယ်
နွားလှည်အိုထက်၊ ကြယ်ပြိုးပြက်မှာ
ထန်းလျက်တစ်ကိုက်၊ ရေနွေးတစ်ကျိုက်
လျောင်းလိုက်၊ ထိုင်လိုက်
တိုးလိုက်၊ ကျယ်လိုက်နဲ့
မငိုက်စတမ်း၊ မသမ်းမဝေ
စကားအထွေထွေကို
သားနဲ့အမေ၊ မနားမနေပြောခဲ့ကြ…
အဲဒါတွေ သတိရပြီး
တစ်စကဗျာ၊ သီမိပါခဲ့။
ဆွေကြီးမျိုးကြီး
သွေးသောက်ကြီး၊ ခုံမင်းကြီး
မြို့သူကြီး၊ ရွာသူကြီး
မြေရှင်ကြီး၊ ထန်းရှင်ကြီး
ဘိုးကြီး ဘွားကြီးများ…
ဘုရားထူးခံကြတဲ့အကြောင်း။
ငွေဓားတစ်ချောင်း၊ ကြေးမောင်းတစ်လုံး
နှစ်လုံးပြူး သေနတ်နဲ့ လက်မှတ်ရရွာသူကြီး
နှစ်ဖက်သော ဘိုးကြီးတွေ
ဘယ်မြေ ဘယ်ကမ်း
ဘယ်ထန်း ဘယ်ထင်း
ဘယ်ကွင်း ဘယ်ရိုး၊ ဘယ်ကို လက်ညှိုးထိုးမလဲ
မလွဲတမ်းပိုင်ကြ မြေစုမြေခွန်၊ မြေကျွန်တွေ တရုံးရုံးနဲ့
သုံးမကုန် လှူမခန်း၊ ချမ်းသာစွဆိုတဲ့အကြောင်း။
မြို့ကြီးနဲ့ကွာ၊ ကျေးတောရွာမှာ
တူတန်တာမရှိ၊ ပျင်းရိအားယား
လူပျိုကြီး အပျိုကြီး ဦးကြီး ဒေါ်ကြီးများကြားမှာ
ဟောဒီကသား
ဘယ်ရာသီ ဘယ်လိုဖွားလို့
ဘယ်အခါ ဘယ်လိုဖျားပြီး
ဘယ်အရွယ် ဘယ်လိုစကားနဲ့
ဘယ်လိုသွား ဘယ်လိုလာတဲ့အကြောင်း။
ဂျပန်ခေတ်က
ဖက်ဆစ်ဂျပန်၊ တော်လှန်သူများ
မောင်များ မတ်များ၊ တူသားများဟာ
ယခုအခါ ရွာအရှေ့ထိပ်
ညောင်ညိုရိပ်မှာ
ကာကီအကျႌ ကိုင်းမှာချိတ်
ပြောင်းဖူးဖက် ဆေးလိပ်နဲ့
ပုတီးစိပ်သူ စိပ်တဲ့အကြောင်း။
ထန်းရည်အိုးကိုဖက်၊ ထန်းရွက်ကိုခင်း
ထန်းပင်ရင်းမှာ
အိပ်သူ အိပ်တဲ့အကြောင်း။
တချို့က ထွန်စက်မောင်း
ပြောင်းရိုးစဉ်းစက် ခုတ်သူခုတ်။
တချို့ပိန် တချို့ဝ
တချို့က သမ၊ တချို့က ဝိသမ။
တချို့က အရညဝါသီ
တချို့က ဂါမဝါသီ
နီသူနီ ပြာသူပြာ။
မဟာဆွေ အစ မဟာစည်အဆုံး
ဘဂျမ်း (တင်မိုး)၊ သာနိုး (ဆံရှည်)
ကျူသေ ကျူရှင်၊ ဗေဒင် ယတြာ
ရိပ်သာအဆုံး…
အမုန်းအချစ်၊ ကဗျာသစ် စာသစ်
အညှစ်အသတ်၊ အပစ်အခတ်နဲ့
အညစ်အပတ်များအကြောင်း။
ဆရာလွမ်းမှသည် ဆရာစွမ်းအထိ
ခင်မောင်ရင်မှသည် ခင်မောင်ချင်းအထိ
ကျီးသဲလေးထပ်မှသည် ကမ်းနားခြောက်ထပ်အထိ
ဗန်းမော်ဆရာတော်မှသည် ဗန်းမော်တင်အောင်အထိ
အင်းလျားကန်မှသည် ကြာနီကန်အထိ
စိုင်းထီးဆိုင်မှသည် ကွမ်းယာဆိုင်အထိ
ဘိန်းဖြူမှသည် ဘိန်းပြာ ဘိန်းဝါအထိ
မှတ်မိမှတ်ရာ၊ ဖတ်မိဖတ်ရာ
စပ်မိစပ်ရာတွေအကြောင်း။
အမေရယ်၊ ကျွန်တော်ရယ်
ဗန်းမော်တင်အောင် ထောင်ကအထွက်
ထန်းလျက်ကျွေးရင်း၊ ရှေးဟောင်းနှောင်းဖြစ်
“လွမ်းရစ်တော့ သက်လှယ်ရယ်”
“ဘုန်းမောင့် တစ်ယောက်တည်းရယ်”
“… တော့ကာသာဘဲရယ်”
ငယ်စာ ငယ်စကား၊ သားနဲ့အဖေ
စာတွေ ပေတွေထဲမှာ သူရဲကောင်း ရှာခဲ့တဲ့အကြောင်း။
အဖေရယ် ကျွန်တော်ရယ်
လယ်ပြင်ပေါ် ပြောင်းခင်းကြား
ပြောင်းဖူးဖုတ်စားရင်း
သေနတ်နဲ့ဓား၊ တစ်လှည့်စီကစား
သားတစ်ပြန် ဘတစ်ပြန်
အအုပ်နဲ့အခံ၊ ကာရန် ကစားခဲ့တဲ့အကြောင်း။
ညီငယ်နဲ့ ကျွန်တော်
လျှော်ခွာတဲ့ ချောင်းအစပ်
မနော်နွယ် ဘင်္ဂလား
သရက်ရွမ်းများ ခတ်ရင်း
နောင်သိဒ္ဓတ် ကြာခြည်လှပ်ဆဲ
စိတ်ပြတ်နဲ့ မင်းနန်၊ နောင်တော်ကို ချန်
ဆံတော်ကို မချ၊ သပိတ်သံ မပြဘဲ
နိက္ခမ ကျင့်တဲ့အကြောင်း။
မိခွေးရယ်၊ မိအေးရယ်
ကျွန်တော် ငဝက်ရယ်၊ အဒေါ် ဒေါ်ကြွက်ရယ်
ကြက်သွန်ကျင်း ရေလောင်း၊ ဆေးခင်း ပေါင်းပေါက်
ဝါကာက် ပဲတူး၊ ဆေးခူး ဆေးလှန်း
ထမင်းကြမ်းနဲ့ ထန်းရည်ချို
ချိုချိုမွှေးမွှေး၊ အသည်းအေးအောင်
အမြဲလွေးကြတဲ့ အကြောင်း။
ဝါခင်းအစပ်၊ မားမတ်တဲ့ ပင်လက်ပံ
ဆက်ရက်တွေ ချိုးတွေ ညိုးညိုးညံတော့
ရွာအပြန် ခရီးတစ်ထောက်
လက်ပံပွင့်ကြွေ လေထီးတွေကို
သမီးတွေနှစ်ယောက်၊ သားတစ်ယောက် လုယက်လို့ ကောက်ကြ
သုံးယောက်ရဲ့အသံ၊ တောလုံးလျှံ
ကိုးယောက်လို ညံတဲ့အကြောင်း။
ဘိုးဘွားကုသိုလ်၊ ကန်ပေါက် လျှိုစောင်း
နွားသိုးနှစ်ကောင်၊ ဖိုးမောင် ကျောင်းလို့
ထနောင်းလဲ တုံး၊ ထန်းလဲ ပြုန်းတဲံ
သင်္ချိုင်းကုန်းက၊ သုံးပင်ဇရပ်
ကြက်လျှာဆူး၊ နဘူးပတ်ချိန်
သွပ်ချပ်အမိုးကို၊ သူခိုးတွေခွာတော့
မြို့ပေါ်မှာ သေတ္တာဖြစ်
ရွာဦးကျောင်းက၊ ခေါင်းလောင်းတွေလဲ
မမြဲအနိစ္စ၊ သင်္ခါရနယ်ထဲ
လှည်းသမား ထွန်စက်မောင်း
ရွာခေါင်း ရပ်ခေါင်း၊ ဘာခေါင်းမှ မကျန်ရစ်
ကဗျာမှာ စာမှာ၊ ငါ ငါ ငါနှင့်
ငါ သူတစ်ပါး၊ ကျားကျားမမ
တစ်နေ့ကျတော့
သင်္ခါရ တံခါးပေါက်ကို အလျားမှောက်ပြီး
ခေါက်ရမှာ ဖြစ်တဲ့အကြောင်း။
ဟိုအကြောင်း၊ ဒီအကြောင်း
အကြောင်းမျိုးစုံ၊ ဖြစ်မျိုးစုံ
ပြောမကုန်၊ မရိုးနိုင်
သန်းခေါင်တိုင်၊ သန်းလွဲကျော်
ကျွန်တော် အသိသား
စကားဟာ ပဓာန မဟုတ်ဘူးလို့။
ဒီသား….
အကြီးသား၊ ဘရီးဘရား
တဒီးလွှားလွှားနဲ့၊ မကြီးပွားသူ ခရီးသွား နက္ခတ်နဲ့၊ ယှဉ်ကပ်လို့ဖွား
ဗွေပါတဲ့ ဖဝါးနဲ့ အဝေးဆုံးသွား
အငေးဆုံးသား
အမေ့နားကို၊ ကြိုးကြားရံခါ
ခဏသာ လာတဲ့သူ။
သားဖြစ်သူ၊ အပါးက
သွားချေ၊ နားချေ၊ အိပ်ပါချေ
ဆိုပေမယ့်လဲ
အမေ မသွား၊ အမေ မနား
သား သက်လျာကို၊ ကြံုလာတုန်းမှာ
ပြံုးကာ ရယ်ကာ၊ ပုတ်ခတ်ကာနဲ့
ကြည့်ကာမဝ
သန်းခေါင်ကျော် သန်းလွဲကျမှ
ခဏဖယ်ခွာ
အမေ မှေးရုံ မှေးရှာတယ်။
အရုဏ်အတက်၊ ကုလားတက်သံအကြား
နွားစာအကျွေး၊ ဆန်အဆေး
မြေးတစ်ယောက်ကိုနှိုး၊ တီးတိုးတီးတိုးနဲ့
ရွာရိုးကို လျှောက်ခဲ့
သားမြေးတွေ သောက်စရာ
နွားနို့ရှာ ဆိတ်နို့ရှာ
သကာလုပ် မုန့်ဖုတ်
အမေ အလုပ်ရှုပ်ခဲ့ပြီ။
ခေါင်းပေါ်မှာ တဘက်တင်
အိမ်စဉ် အနှံ့သွား
ယုန်သားဝယ်၊ ဂျံုသကြားဝယ်
ရက်ကန်းရှယ်သလို
ရွာလယ် ရွာရိုး၊ လွန်းထိုး လာသွား
ငှားလိုက် ချေးလိုက်၊ ကျွေးလိုက် တိုက်လိုက်
ချက်ပြုတ်လိုက်နဲ့၊ ချွေးပြိုက်ပြိုက်ယို
အမေအို
သားကို ကျွေးလို့ မောတယ်မရှိ။
သြော်…. ခုအခါ
အမေ့ရွာ သားမရောက်
သုံးနှစ်လောက် ကြာခဲ့ပြီ။
အမေ့စာ
“သား၊ အမြန်လာ” တဲ့
ပြေးဟာ လွှားဟာ၊ ရုန်းဟာ ကန်ဟာနဲ့
ကဗျာတစ်ပုဒ်၊ စာတစ်ဆုပ်
လက်လုပ်လက်စား၊ အမေ့သား
ဓားတောင် မဆီး၊ မီးပင်လယ် မခြား
အမေ့ခေါ်သံ ကြားသော်လည်း
ဝမ်းသမုဒ္ဒရာ၊ အူဂင်္ဂါခြားတာကြောင့်
သား မလာ၊ မြေး မလာ
ကဗျာတို ပူပုံပန်းနှင့်
စာတစ်ညို၊ လူကြံုကမ်းရတယ်။
အမေ စားဖို့
ဘားပလက်၊ တစ်ဘူး နှစ်ဘူး
ကလူးကိုး တစ်ထုပ်စ နှစ်ထုပ်စ
တစ်နှစ်မှ တစ်ခါ နှစ်ခါ
စတိသာ ပို့အားတဲ့ သားခမျာ
အမေ ပေးတဲ့
ဆယ့်လေးတန်း ပညာနဲ့
မြို့ပေါ်မှာ သောင်တင်
ကလောင်မင် အက်ဆစ်စွက်
ဟိုပက် ဒီကော် တစ်နေ့သော် ပိုင်နိုး နိုင်နိုးနဲ့
ဝေဖန်ရေး ကျားဆိုးကို
အားကြိုးမာန်ခဲ အမြီးကို ဆွဲမိပေါ့။
သြော်…. အမေ့ရွာ သားမရောက်
သုံးနှစ်လောက် ကြာ၊ သုံးဝါ ရွှေ့ဆိုင်း။
“မလာဖြစ်နိုင်ဘု၊ ဝါခေတ်တစ်ခါကုန်တော့” လို့
တေးအကြံု ရှေးပုံနဲ့ လွမ်းလိုက်ကဲ့
ဆန်ပန်း တပြာပြာ၊ အိမ်ကြမ်း တခါခါနဲ့
နွားပြာ တသသ၊ ဝါးဖျာ တမမ
စားစရာ တချချ
အများတကာကို သားစာပြပါလို့
အိမ်ဝမှာ အမေကြိုရော့
နေညိုချိန်တိုင်း။
မောင်စွမ်းရည်