Tuesday, December 31, 2013

နေရစ်တော့ ၂၀၁၃

နှစ်သစ်ကူးတဲ့ညဆိုတာ နေ့တစ်နေ့ကုန်ဆုံးပြီး နေ့သစ်တစ်ခုစတင်တာထက် ဘာမှပိုမထူးပါဘူးရယ်လို့ မှတ်ယူပြီး တစ်ကိုယ်တည်းဖြတ်သန်းခဲ့တဲ့ ညတွေရှိသလို အများသူငါတွေ နှစ်ကူးချိန် စုပေါင်းပျော်ကြရွှင်ကြတာကို ဆိုင်ကယ်တစ်စီးနဲ့လိုက်ကြည့်ပြီး ကြည်နူးခဲ့ဖူးတဲ့နှစ်တွေလည်း ရှိတယ်။ နောက် နှစ်ကူးညကို အလုပ်ကိစ္စနဲ့ နှစ်ကူးပွဲလမ်းတွေတက်ပြီး အလုပ်လုပ်ရင်း အချိန်ကုန်ရတဲ့ ညတွေလည်းရှိခဲ့ဖူးတယ်။

အဲ ကျုံးထိပ် ဆီဒိုးနားထောင့်မှာ နှစ်ကူးပလပ်ကျွတ်သူမောင်တွေက ရက်ပင်တွေရွတ်၊ ဒန့်စ်တွေကပြီး မီးပန်းတွေ ဖောက်ကြတဲ့ ပွဲတော်ညလည်း ၂၀၁၀ က တစ်ကြိမ်တော့ ကြံုဖူးတယ်။ အဲဒီမောင်တွေ ကနေရက် အကောင်းသားက ယမကာရင်ခုန်သံတွေမြန်ပြီး မဲမဲမြင်ရာ တုတ်ဆွဲဓားဆွဲနဲ့ ရိုက်ကြနှက်ကြနဲ့ အမှတ်(၃)ထဲ တစ်ညတော့ နယူးရီးယားသွားကြလေရဲ့။

ကိုယ်စိတ်ဝင်စားတာလေးလုပ်ပြီး တစ်ကိုယ်တည်းနေတတ်တဲ့ အကျင့်ရယ်၊ ကိုယ့်ရဲ့ ပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းမှုရယ်ကြောင့် ပွဲလမ်းသဘင်တွေ၊ အခါကြီးရက်ကြီးတွေဆို အများသူငါလို ကိုယ့်နားမှာ သူငယ်ချင်း တစ်ယောက်စ နှစ်ယောက်စတောင်မှ ရှိမနေတတ်တာ ဟိုးအရင်ကတည်းက သတိထားမိတယ်။ ဒါပေမယ့် ကိုယ်ကလည်း အဲဒီလို တစ်ကိုယ်တည်း ဖြစ်နေလို့၊ အဖော်အပေါင်းမရှိလို့ တစ်ခါမှ စိတ်မကောင်းဖြစ်မိတာမျိုး၊ အားငယ်တာမျိုးလည်း မရှိခဲ့ဘူးရယ်။

ငယ်ငယ်တုန်းက နှစ်သစ်ကူးပိတ်ရက်တို့၊ သင်္ကြန်တို့ဆို ကိုယ်ကြိုက်တတ်တဲ့ သိုင်းကားရှည်ကြီးတွေ ပြန်ကြည့် ရင်ကြည့်၊ ဘာသာပြန်နဲ့ ဝတ္တုတွေ တပြုတ်ကြီးဖတ်ချင်ဖတ် ဒီလိုနဲ့ဖြတ်သန်းခဲ့တာပဲ။ အဲ မှတ်မှတ်ရရ ဆယ်တန်းအောင်ပြီးကြံုတဲ့ သက္ကရာဇ် ၂၀၀၀ နှစ်ကူးညမှာတော့ ကွန်ပျူတာလည်ပတ်မှုစနစ်တွေပဲ ဘာတွေထဖြစ်တော့မလဲ ဆိုပြီး ရင်ခုန်ခဲ့ဘူးတယ်။ တက္ကသိုလ်ကျောင်းသားဘဝရောက်တော့ နှစ်သစ်ကူးညဆို ဘာရယ်မဟုတ်ဘူး count down မတိုင်ခင် ကျံုးတစ်ပတ်တော့ ပတ်ကြည့်ဖြစ်တယ်။

လမ်းပေါ်ထွက်လာသူတိုင်း သိသိ မသိသိ မြင်မြင်ရာ ဟက်ပီးနယူးရီးယားးး လိုက်ရရင်ပဲ တဒင်္ဂတော့ ဘဝအမောတွေ ပြေပျောက်သွားကြပုံရတယ်။

ရေခြားမြေခြား နှစ်သစ်ကူးညကတော့ ခုမှကြံုဖူးတာပေါ့လေ။ ကုန်ခဲ့တဲ့ နှစ်ကူးညတွေ အချိုးချကြည့်မယ်ဆို များသောအားဖြင့် အိမ်မှာကိုယ်ကြိုက်တဲ့ ဇာတ်လမ်းခွေတစ်ခွေထိုင်ကြည့်ရင်း၊ သီချင်းတွေတစ်ပုဒ်ပြီးတစ်ပုဒ် နားထောင်ရင်း၊ ဒါမှမဟုတ် တစ်ကမ႓ာလုံးက နှစ်ကူးညပျော်ပွဲရွှင်ပွဲ ဆင်နွှဲနေတာတွေကို ထိုင်ကြည့်ရင်း ဖြတ်သန်းခဲ့တာတွေပဲ များပါတယ်။

၂၀၁၃ ကုန်ဖို့ အချိန်ပိုင်းလေးပဲလိုတော့တယ်။ ကမ႓ာသူ ကမ႓ာသားအားလုံး ကျန်းမာချမ်းသာကြပါစေ။ လိုရာဆန္ဒတွေ ဘဝနဲ့ထပ်တူကြပြီး ပျော်ရွှင်နိုင်ကြပါစေလို့ ချစ်ခြင်းမေတ္တာနဲ့ ဆုမွန်ကောင်းတောင်းပါတယ်။

နေရစ်တော့ ၂၀၁၃ ရေ …
အချိန်ဆိုတာ
စင်္ကြာဝဠာကြီးထဲက
ဆပ်ပြာပူပေါင်းငယ် တစ်ပွင့်ပေါ့
ဖျတ်ကနဲ ကွဲပြီး
အစားပြန်ရစရာလည်း မရှိဘူးလေ..။

Monday, December 16, 2013

မေမေ နေကောင်းလား မေမေ

Zawgyi Version

ဒီဇင်ဘာ ၁၆။ ဒီနေ့ မေမေ့မွေးနေ့။ မေမေ နေကောင်းပါရဲ့လား။ မေမေ့အကြောင်းရေးမယ်လို့ စဉ်းစားပြီး ကွန်ပျူတာရှေ့ထိုင်တော့ မျက်လုံးတွေ မှုန်ဝါး၊ဘာမှမရေးနိုင်ခင် ထိန်းထားတဲ့ကြားက မျက်ရည်တွေသာ အလိုလိုကျလာတာပဲ။

နေထွက် နေဝင်၊ မိုးလင်း မိုးချုပ် သားမျက်နှာကြည့်ပြီး အသက်ရှင်တဲ့မေမေ။ သားတော်တာတွေကို တပြုံးပြံုး ကြည့်ပြီး သားရှော်တာတွေကို ဖုံးထားတတ်တဲ့မေမေ။ သားတော်ရင် သားအရည်အချင်း၊ သားရှော်ရင် အဆုံးအမ ည့ံဖျင်းတာ မေမေပါတဲ့။ ဒီဇင်ဘာနှင်းစက်တွေနဲ့အတူ မွေးဖွားခဲ့တဲ့မေမေဟာ သားတော်လို့ရတဲ့ ချမ်းသာသုခ ခပ်နည်းနည်း၊ စိုးထိတ်ပူပန်စရာတွေသာ မိုးလိုရွှဲခဲ့တယ်။

ကိုယ်တိုင်ထူ ကိုယ်တိုင်ထရတဲ့ မိသားစုထမင်းဝိုင်းထဲ မေမေနဲ့ ညီမလေး ညှာတာသမျှ ကျွန်တော်က ဘဝကို သာသာ ယာယာဖြတ်သန်းခဲ့တယ်။ စောစောထတာ ကြိုက်တဲ့မေမေက အိပ်ရေးမက်တဲ့သားအတွက် နိုးလာရင် မနက်စာ၊ ဘယ်လောက်အိမ်ပြန်နောက်ကျကျ သားအတွက် ညစာ ပူပူနွေးနွေးအမြဲရှိတတ်ပေမယ့် ကျွန်တော် ကတော့ အသက် ၃၀ ကျော်တဲ့အထိ မေမေ့အတွက် မနက်စာ တစ်ခါမှ ပြင်ဆင်ပြီး ဝယ်မကျွေးဘူးခဲ့။

အဝေးဆုံးကိုမြင်နိုင်ဖို့ အမြင့်ဆုံးပျံတက်စေချင်တဲ့ မေမေ့ထိန်းကွက်မှုကြား၊ ကျွန်တော်က တောင်ပံတွေ ဟိုဒီကစား၊ ဒလိမ့်ကောက်ကွေးညတွေလည်း ခပ်များများ။ စာကြည့်တိုက် တစ်တိုက်စာလောက် စာအုပ်တွေပိုင်ဆိုင်၊ စာတွေအများကြီး ဖတ်တဲ့သား အသိခေါင်ခက် အဝင်နက်ခဲ့တာတွေကခပ်များများ။ ကိုယ်မှန်တယ်ထင်တာတွေ လုပ်ရင်း မေမေ့ကို နိုင်ငံရေးနဲ့လည်း ပူပန်စေမိ၊ လူမှုရေးနဲ့လည်း ပူပန်စေမိ၊ စီးပွားရေးနဲ့လည်း ပူပန်စေမိ။

အဲဒီလို ဘဝနဲ့ရင်းပြီး ရလာတဲ့ အသိတွေကြားမှာ ကမ႓ာကြီးကို မေမေ့အပါးဝပ်ဆင်းလာအောင် စွမ်းဆောင်ပေးဖို့ အသာထား ကျွန်တော်သာ အမေ့ရဲ့ ဒုက္ခအိုးလေးဖြစ်လာခဲ့ပါတယ်။ တေးသီချင်းတွေ မဖွဲ့တတ်ပေမယ့် ကဗျာတိုစ ရေးတတ်တဲ့ ကျွန်တော့ကို လွှမ်းမိုးနိုင်လွန်းတဲ့ မှော်ဆရာအိုနှစ်ဦးရှိပါတယ်။ သူတို့နှစ်ဦးသီဖွဲ့ခဲ့တဲ့အမေ့ရဲ့ ဒုက္ခအိုးလေးနဲ့ ခေါင်းလောင်းသံစာတမ်းဟာ ကျွန်တော့အတွက်တော့ အမေ့အကြောင်းကိုနာတဲ့ တရားဒေသနာ တွေပါပဲ။

ချစ်တဲ့သားနဲ့အတူ နောက်လာမယ့် မွေးနေ့ပေါင်းများစွာကို ဖြတ်သန်းဖို့ မေမေတစ်ယောက် ကျန်းမာချမ်းသာပါစေ။ မွေးနေ့မှာ ရွှင်လန်းချမ်းမြေ့ပါစေ မေမေ။


Saturday, December 14, 2013

အား .. တစ်ပွဲ

မုန့်ဟင်းခါး ဆိုတဲ့အသံကြားတိုင်း ဧက ကိုအမြဲပြေးမြင်မိတယ်။
(တကယ်လည်း မပြေးရဘဲနဲ့ ပြေးမြင်တယ်ဆိုတာကြီးက ဘယ့်နှာ့မှန်းမသိဘူး)။

ဘယ်အရာကိုပဲဖြစ်ဖြစ် အတွက်အချက်နဲ့ လုပ်တတ်တဲ့သူ၊ နီကိုရဲရဲ့ “စိတ်အိုင်ပက်သူ“ဝတ္ထုထဲက ဇာတ်ဆောင် ဧက။ နောက်တော့ ရင်တွင်းဖြစ်ကြီးလားမှတ်တယ်(မှားရင်လည်း ပြင်ပေးပါနော်) .. ဒွေးရယ်၊ အိန္ဒြာကျော်ဇင်ရယ်၊ တင့်တင့်ထွန်းရယ် သရုပ်ဆောင်ပြီး ချစ်ခြင်းရင်ခုန်ယုံကြည်စွာဖြင့် နာမည်နဲ့ ဝတ္ထုဇာတ်အိမ်တည်ရာ ရန်ကင်းတောင်ခြေက အမ်အိုင်တီထဲမှာ ရိုက်ပါလေရော။

ရုပ်ရှင်ရိုက်တော့လည်း ကျောင်းသားဇာတ်အိမ် အမ်အိုင်တီနောက်ခံနဲ့ ကြည့်လို့ကောင်းတာပဲ။ (ကိုယ်တောင် အမ်အိုင်တီခေတ်မီဖို့ တစ်နှစ်ကလေးနောက်ကျခဲ့တာ။ ဒါတောင် CNC (computer numerical control) ဖွင့်တော့ ရန်ကင်းတောင်ခြေမယ် ယောင်လည်လည်လုပ်ခဲ့တာ အမှတ်ရသေးတယ်။)

ပြောချင်တာ မုန့်ဟင်းခါးအကြောင်း။ အခုတော့ လိုရင်းကို မရောက်နိုင်ဘူး။ တကယ်တော့ မုန့်ဟင်းခါးကို သိပ်မကြိုက်လှဘူး။ ငယ်ငယ်တုန်းက လမ်း ၈၀ ဖျာပုံမုန့်ဟင်းခါးဆိုင်မှာ မိသားစုလိုက်သွားစားတိုင်း စားဖြစ်လား မစားဖြစ်လား သိပ်မမှတ်မိပါဘူး၊ နည်းနည်းကြီးလာတာ့ ကိုယ်ကြိုက်တာက အုန်းနို့ခေါက်ဆွဲ။ မုန့်ဟင်းခါးနဲ့လည်း ဘာမှမဆိုင်ဘူး။

ဧက လို မုန့်ဟင်းခါးဆိုင်ရှေ့မတ်တပ်ရပ် .. အား … ကနဲ အော်ပြီး တစ်ခါမှ မှာမစားဖူးဘူး။ ဒါပေမယ့် ကျောင်းသား ဘဝ မန္တလေးတက္ကသိုလ်ထဲက ရူဘီ (ruby) မှာထိုင်လို့ မုန့်ဟင်းခါးကိုမှ စားဖြစ်ရင် သူ့ထုံးစံအတိုင်း ပလိန်းမုန့်ဟင်းခါး၊ မုန့်ဟင်းခါးပလိန်းပဲ စားဖြစ်တာများတယ်။ မုန့်ဟင်းခါးမှာပါတဲ့ ငှက်ပျောအူ၊ ကြက်သွန်နီဥ၊ နံနံပင်နဲ့ ငါးဖတ်တွေကို မကြိုက်လို့။ (ဟင် ဘာမှလည်း မကျန်တော့ဘူး) အဲဒါတွေအကုန် ဖယ်ပြီးစားတယ်။ မှာရင်တောင် အစ်ကို့အတွက် အား တစ်ပွဲဆိုတာနဲ့ .. စားပွဲထိုးလေးက အထာနပ်ပြီးသား။ ပလိန်းမုန့်ဟင်းခါး တန်းရောက်လာတာပဲ။

အဲသလို မုန့်ဟင်းခါးနဲ့ ဧက ကို မှတ်မှတ်ရရရှိခဲ့တယ်။ နောက်တော့လည်း မနက်စာဆို .. မစားချင်လည်း မုန့်ဟင်းခါး .. စားချင်လည်း မုန့်ဟင်းခါးဆိုပြီး စားခဲ့တဲ့ အချိန်တွေရှိဖူးတယ်။ (ဟင်းရည်တောင်းလိုက်၊ မုန့်ဖတ်တောင်းလိုက်နဲ့ ဗိုက်ဝအောင် စားလို့ရတာကိုးလို့)။ စိတ်နာအောင် အား.. ခဲ့ရတော့ နောက်ပိုင်း မုန့်ဟင်းခါးဆို ကြည့်ကို မကြည့်ဖြစ်တော့ဘူး။ 
ကြိုက်တတ်သူတွေက မုန့်ဟင်းခါးကို မနက်စာဆိုလည်းဟုတ်၊ နေ့လည် ၃ နာရီလောက် အဆာပြေဆိုလည်းဟုတ်၊ ညနေဆိုလည်း ညနေမို့ အကြောင်းအမျိုးမျိုးပြပြီး စားကြတယ်။ ကျွန်တော်ကတော့ အိမ်မှာ မေမေနဲ့ညီမလေးက ကြုံကြိုုက်တဲ့အခါ စားစေချင်လို့ ကျွေးရင်တောင် ဟင်.. မုန့်ဟင်းခါးကြီး .. ဆိုပြီး မစားခဲ့ဘူး။

စကားမစပ်ပြောရရင် ကျွန်တော်က သားသတ်လွတ်စားတယ်ဆိုပေမယ့် သူများတွေလို အဓိဌာန်နဲ့ လှူတာ၊ရောဂါကြောင့် ရှောင်တာ၊ ဘာကြောင့်ညာကြောင့် တစ်ခုမှ မဟုတ်ဘူး .. အသားငါး မစားချင်လို့ကို မစားတာ။ ဒါပေမယ့် ကြက်ဥစားတယ်။ အသုပ်တွေဘာတွေမှာဆို ပုစွန်ခြောက်တို့ဘာတို့ ဖယ်ပြီးစားတယ်။ သားသတ်လွတ်သမားဆိုပေမယ့် လုံးဝကြီး စန်းစန်းတင့် (sensitive) မဖြစ်ဘူးပေါ့ဗျာ။ (မုန့်ဟင်းခါးရည်က ငါးပါသကိုးဗျ .. ဟဲ ဟဲ)

ဒီနေ့တော့ အခန်းရှင်အစ်မကြီးက ဘုန်းကြီးကျောင်းမှာ အာရုဏ်ဆွမ်းကပ်ဖို့ မုန့်ဟင်းခါးချက်သတဲ့။ ကိုယ့်စိတ်ကြိုက်သာ ပြင်စားကြတော့ဆိုပြီး ဆွမ်းကပ်ထွက်သွားတယ်။ (ကျွန်းကလေးပေါ်မယ် ကိုယ်နေတဲ့နေရာနဲ့ ဘုန်းကြီးကျောင်း နီးမှန်းတောင်မသိဘူး။ ဒီနေ့မှ သိတာ။)

ဒါနဲ့ပဲ မုန့်ဟင်းခါး googling လုပ်ကြည့်တော့ .. လား လား ဟင်းခါးဋီကာစုံ ဖတ်ရမှတ်ရတော့တာကိုး။ စိတ်ကြိုက် ပြင်စားဖို့လိုင်စင်ကျထားပြီဆိုပေမယ့် .. ဒီတစ်ခါ ဧက ကို အားနာနာနဲ့ပဲ …ရှိသမျှ အစာပလာအကုန်ထည့်ပြီး အား တစ်ပွဲ ထမင်းလွတ် နွှဲလိုက်မိပါသော်ကော …။

Tuesday, December 10, 2013

Year in Review by Facebook

It is still on 10th December. Facebook set year in review 2013 and let me fill if I missing a big moment from 2013. Facebook state 20 biggest moments from the past year.I forgot totally some of the post and FB reminds me. But in fact, there are not only 20 biggest moments. Much, much more than that. But let it gone and I don’t willing to add it.

Time flies so fast. New year 2014 may come very shortly. Like the last verse of “Stopping by Wood on a Snowy Evening“, one of my favorite poem, written by Robert Frost(1874-1963) 

” The woods are lovely, dark, and deep,
But I have promises to keep,
And miles to go before I sleep,
And miles to go before I sleep.”


No matter what the darkest evening of the year between the woods and the frozen lakes. Yes, I have promises to keep… and miles to go before I sleep.

Thursday, June 6, 2013

ငယ်အိပ်မက်တွေအကြောင်း (၁)

ဒီခေါင်းစဉ်လေးပေးပြီး ငါ့အိပ်မက်တွေဘယ်မလဲလို့ စဉ်းစားကြည့်မိတယ်။ ကျွန်တော်ငယ်ငယ်က ဘာဖြစ်ချင်ခဲ့ ပါလိမ့်။ စီကနဲရီကနဲပေါ်လာတဲ့ ငယ်အိပ်မက်တွေကြောင့် ကိုယ့်ဘာသာကိုယ် သတိ မထားမိခင် နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိပါတယ်။

ဆရာဝန်ကြီးဖြစ်ချင်တယ်

ငယ်ငယ်က ဆရာဝန်ကြီးဖြစ်ချင်ခဲ့တယ်။ တက္ကသိုလ်ဘုန်းနိုင်ရဲ့ နွေကန္တာဦးထဲက ဒေါက်တာနှင်းငွေ လိုမျိုး။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်ထဲက မောင် လိုမျိုးဖြစ်ချင်ခဲ့တယ်။ လူနာတွေကို ယုံကြည်မှုနဲ့ နွေးထွေးမှု ပေးနိုင်တဲ့ သမားတော်တစ်ယောက်ဘဝမျိုးကို လိုချင်ခဲ့တယ်။ ရှစ်တန်းလောက်အထိ အဲဒီအိပ်မက်ခိုင်မာ ခဲ့တယ်မှတ်တာပဲ။ ဆယ်တန်းပြီးရင် ငါတက်ရမှာ ဆေးတက္ကသိုလ်ပဲလို့လေ။ မေမေကလည်း သူ့ သားတော်မောင်ကို ဆရာဝန်တစ်ယောက်အဖြစ်ပဲ မြင်ချင်တာမဟုတ်လား။ အထက်တန်းကျောင်းသားဘဝရဲ့ စိတ်ဝင်စားမှုအဖုံဖုံကြောင့် ၉၉ ဆယ်တန်းအောင်တော့ ဂုဏ်ထူး သုံးဘာသာ။ သုံးဘာသာချင်းအတူတူတွေ မန္တလေးဆေးကျောင်းရောက်တဲ့အချိန် ကျွန်တော်တက်ခွင့်ရတာက ရေဆင်းမွေးမြူရေးဆေးတက္ကသိုလ်။ တက်ချင်တဲ့ကျောင်း တက်ခွင့်မရမှတော့ ရတဲ့မွေးဆေးကိုလည်း စွန့်လွှတ်ခဲ့တယ်။

အင်ဂျင်နီယာကြီးဖြစ်ချင်တယ်

ငယ်ငယ်က အင်ဂျင်နီယာတွေကို အားကျတယ်။ အင်ဂျင်နီယာကြီးလည်းဖြစ်ချင်တယ်။ ဘက်စုံထူးချွန်ကြတဲ့ စက်မှုကျောင်းသားတွေရဲ့ဘဝကိုလည်း ခံစားကြည့်ချင်တယ်။ ရှစ်တန်းလောက်မှာ ဆရာဝန်ထက် အင်ဂျင်နီယာပိုဖြစ်ချင်နေခဲ့ပြီ။ စာတွေအများကြီးကျက်ပြီး ခွဲရစိတ်ရတဲ့ဘဝထက် နည်းပညာတောထဲမှာ မျောချင်စိတ်ပိုခဲ့တယ်။ ဆယ်တန်းပြီးတဲ့အချိန်မှာ အမ်အိုင်တီမရှိတော့ဘူး။ ဒီလိုနဲ့ ဂျီတီစီဝင်ခွင့်တွေ ဝင်ဖြေ တယ်။ သွားလေသူကြီးရဲ့ ကျောက်ဆည်တက္ကသိုလ်စအဖွင့်မှာ မန္တလေးဂျီတီစီက ဝင်ခွင့်ဖြေတဲ့သူတွေကို စီမံချက်နဲ့ ခွဲတမ်းချလိုက်တာ ကျွန်တော် EP ရတယ်။ သင်ချင်တာ EC မို့ ပြောင်းလျှောက်ရင်း တကယ်တက်ရတော့ Civil ဆိုတဲ့ မြို့ပြကျောင်းသားဘဝကို ရပါလေရော။ Civil ကိုအထိုက်အလျောက် စိတ်ဝင်စားပြီး မြို့ပြအင်ဂျင်နီယာလမ်းကြောင်းပေါ်မှာလျှောက်တုန်း ငယ်အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ ရာမှာ ကျွန်တော့စိတ်ဝင်စားမှုက ပြောင်းသွားခဲ့ပြန်တယ်။ ဒီလိုနဲ့ ဂျီတီစီပြီးခဲ့ပြီး B.Tech မပါခဲ့ဘူး။  အင်ဂျင်နီယာတစ်ယောက်လည်း ပီပီပြင်ပြင်မဖြစ်ခဲ့ဘူး။

အာကာသယဉ်မှုးနဲ့ လေသူရဲဖြစ်ချင်တယ်

ဆယ်တန်းပြီးတော့ တက္ကသိုလ်ဝင်ခွင့်တွေလျှောက်တဲ့အခါ စစ်တက္ကသိုလ်လျှောက်ရင်ကောင်းမလားလို့ အများကြီးမဟုတ်တောင် နည်းနည်းတော့စဉ်းစားမိတယ်။ စဉ်းစားမိတာ လေသူရဲဖြစ်ချင်လို့။ နောက် အမ်းစထရောင်းလိုလည်းဖြစ်ချင်လို့။ စစ်တက္ကသိုလ်ကနေတဆင့် ထူးချွန်တဲ့သူတွေ လေသူရဲဖြစ်နိုင်တယ်လို့ အကြမ်းဖျင်းသိထားတော့ စစ်ထဲဝင်မှရမှာကိုး။ ကိုယ့်ပုံစံ ဂျစ်ကန်ကန် အချုပ်အချယ်မကြိုက်တာရယ်၊ ကိုယ်စဉ်းစားတဲ့အချိန်တုန်းက အုပ်ချုပ်တဲ့သူတွေနဲ့စနစ်ကို တူးခါးခဲ့တာရယ်ကြောင့် စစ်တက္ကသိုလ်ကို အလွယ်တကူပယ်ခဲ့တာပါပဲ။ လေသူရဲလည်းမဖြစ်နိုင်တော့သလို အာကာသယာဉ်မှူး အိပ်မက်ဆိုတာဝေးပေါ့။ အင်္ဂလန်လိုနေရာမှာကြီးခဲ့ရင်တော့ လေသူရဲမဖြစ်ရင်တောင် ခုဆို Double O ကျောင်းဆင်းတစ်ယောက်များ ဖြစ်နေမလားပဲ။ ဂျိမ်းစဘွန်းနဲ့ ဆားပုလင်းနှင်းမောင်လည်း လွှတ်ကြိုက်တာကိုးဗျ။

ငယ်အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ အတန်းပညာရေးက ရှည်လွန်းလှတယ်။ ဒီကြားထဲ ဟိုစိတ်ဝင်စား ဒီစိတ်ဝင်စားနဲ့ အိပ်မက်တွေက မပြီပြင်ခဲ့။ ဒါတောင် ဆယ့်သုံးတန်းပညာရေးကို မကျေနပ်သေးလို့ နောက်ထပ်သုံးနှစ်ပေါင်းပြီး ဆယ့်ခြောက်တန်းပညာရေးနဲ့ ဟိုကျောင်း ဒီကျောင်းက ဟိုဘွဲ့ဒီဘွဲ့တွေယူခဲ့ပြီး ကျောင်းသားဘဝကို ဖြတ်သန်းခဲ့တယ်။ အိမ်မှာ အပူအပင်တွေ ဘယ်လောက်ရှိရှိ ကျွန်တော်က ကျောင်းသားဘဝကို ခုံမင်ခဲ့တယ်။ လွယ်အိတ်ကြီးတစ်လုံးထဲ အိပ်မက် တွေ ရောလွယ်ပြီး ကျောင်းတော်စည်းကို ခင်တွယ်လွန်းခဲ့တယ်။ ငယ်ငယ်ကစွဲလမ်းခဲ့တဲ့ တက္ကသိုလ် နောက်ခံ ဝတ္တုတွေ ရုပ်ရှင်ဇာတ်လမ်းတွေက ကျွန်တော့ကို မိန်းမောစေခဲ့တယ်ထင်ပါ့။

ငယ်အိပ်မက်တွေအများကြီးထဲက ဆရာဝန်၊ အင်ဂျင်နီယာ၊ လေသူရဲဘဝတွေကို မရနိုင်တော့ဘူး။ နောက်ထပ် ငယ်အိပ်မက်တွေကျန်သေးတယ်။ အခု (၁) လို့ တပ်ထားမိတာ (၂) တွေ (၃) တွေလည်း ဆက်ရေးဖြစ်ဦးမယ် ထင်တယ်။

Monday, April 15, 2013

သင်္ကြန်အကြတ် သင်္ကြန်အတက် - ၂၀၁၃

အကြတ်နေ့က မနက် ငါးနာရီခွဲထပြီး မန္တလေးတောင်ခြေ ဖားအောက်တရားစခန်းက ဒုလ္လဘဦးဇင်းတွေ ဆွမ်းခံ ကြွတာကို ဓာတ်ပုံရိုက်ဖို့ ထွက်ခဲ့တယ်။ ဟိုရောက်တော့ တောင်ပေါ်ဆင်းလာတာမမီတော့ဘူး။ ဦးဇင်းတွေက ဘုန်းတော်တိုးရွာထဲရောက်နေပြီ။ ရွာထဲဆွမ်းခံကြွတာ တစ်ပုံနှစ်ပုံလိုက်ရိုက်ဖြစ်တယ်။

















ပြန်လာတော့ ယူနီစန်မှာ မနက်စာစားရင်း ဂျပန်မနဲ့ ကျုံးဘက်ဓာတ်ပုံထွက်ရိုက်ဖြစ်သေးတယ်။ မြောက်ဘက်နဲ့ အနောက်ဘက်တစ်ခြမ်းပေါ့..။ ကိုယ်တွေထွက်လာတဲ့အချိန်က သူများတွေနားတော့မယ့်အချိန်ဖြစ်နေလို့ တစ်ပုံစ နှစ်ပုံစရိုက်ပြီး ဦးလေးဒိုနဲ့ ကျူးပစ်များရှိရာကို နေ့လယ်စာအမှီ ချီတက်ကြတယ်။

နေ့လယ်ပြန်ချိန်းထားပေမယ့် သူလည်းကိုယ့်ဖုန်းမဆက်၊ ကိုယ်လည်း ဇာတ်လမ်းတွဲကြည့်ရင်း အိပ်ပျော်သွားတာမို့ ညနေငါးနာရီမှ ထွက်လာဖြစ်တော့တယ်။ ပြီးတော့ 7 Heaven မဏ္ဍပ်သွားမယ်လုပ်တယ်။ ဟိုရောက်တော့ ခြောက်နာရီထိုးတော့မယ်။ မဏ္ဍပ်ကသိမ်းနေပြီ။ အဲဒါနဲ့ပဲပြန်ကွေ့လာခဲ့ကြတယ်။ မလျော့သေးဘူး အတက်နေ့မနက် ရ နာရီချိန်းသေးတယ်။

















အတက်နေ့မနက် ဖုန်းသံကြားလို့ကြည့်တော့ ရ နာရီခွဲ။ အိပ်ယာထဲမှာပဲရှိသေးတယ်။ ပြောသာပြောတာ သူလည်း မရောက်သေးဘူး။ ယူနီစန်ရောက်တော့ ၈ ခွဲတော့မယ်။ မနက်စာစားပြီး ချီတက်တော့ ၉ နာရီခွဲ ခွဲလုပြီ။ 7 Heaven ပဲ တန်းချီတက်ခဲ့တယ်။ မဏ္ဍပ်ပေါ်ကနေ ဟိုရိုက်ဒီရိုက်ရိုက်တယ်။ ပြီးတော့ အေးချမ်းမိုးနဲ့ နွယ်ဒါလီထွန်းတို့ကို ဓာတ်ပုံရိုက်ပြီး ကျံုးအရှေ့ဘက်ကို ဆက်ထွက်ခဲ့တယ်။ ဆိုင်ကယ်အပ်ပြီး အယ်လ်ပိုင်း မဏ္ဍပ်ဘက်ခနသွားကြည့်သေးတယ်။ ထုံးစံအတိုင်းလူပင်လယ်ကြီးမြင်တာနဲ့ အရှေ့ခြမ်းက ဟိုတယ်ခရီးမဏ္ဍပ် ဘက် ထွက်လာခဲ့ကြတယ်။

























ပြီးတော့ ဦးလေးဒိုဆီမှာ ဂျပန်မနေခဲ့ပြီး ကိုယ်လည်း မိန်းထဲကသချင်္ာဆရာတွေဆီ ခဏရောက်သွားသေးတယ်။ ၃ နာရီလောက်ကြ မန္တလေးသင်္ကြန်ထုံးစံအတိုင်း လေပြင်းတွေတိုက်ပါလေရော..။ တော်တော်လေးကြာမှ မိုးလေးနည်းနည်းပါလာတယ်။ ဒါနဲ့ပဲ အပြင်မထွက်ဖြစ်တော့ဘူး။

















ငယ်ငယ်ကတည်းက သင်္ကြန်ကို လည်စရာပျော်စရာလို့ထင်ခဲ့တာ နည်းပါတယ်။ သင်္ကြန်တွင်းဆို စာအုပ် ဖတ်ရင်ဖတ်၊ သိုင်းကားတွေကြည့်ချင်ကြည့်တာပဲ။ ဒီနောက်ပိုင်းတော့ သင်္ကြန်ဆို ဘုန်းကြီးဝတ်ပြီး တရားစခန်း ဝင်ဖြစ်တာများတယ်။ ခုနစ်နှစ်လောက်ရှိပြီ။ ဒီနှစ်အကြောင်းကြောင်းကြောင့် မဝတ်ဖြစ်ပေမယ့် နောင်နှစ်တော့ ဝတ်ဖြစ်ဖို့ပိုများမယ်ထင်တယ်။

မြန်မာနိုင်ငံမှာ သင်္ကြန်အတက်နေ့ကျင်းပနေဆဲ ဘော်စတွန်က မာရသွန်ပြိုင်ပွဲမှာ ဗုံးပေါက်ကွဲမှုဖြစ်လို့ လူ ၁၅၀ ကျော်ဒဏ်ရာရပြီး နှစ်ဦးသေတယ်လို့သိရပါတယ်။ သေဆုံးသူဦးရေက တိုးလာနိုင်တယ်လို့လည်း သတင်းတွေ ကဆိုတယ်။  သမ္မတကြီးအိုဘားမားက ဒါဟာ အကြမ်းဖက်မှုတစ်ရပ်ဖြစ်တယ်လို့ ပြောသွားတယ်။

ဘယ်နေရာ ဘယ်ဒေသမှာမှ၊ ဘယ်လိုအကြမ်းဖက်မှုမျိုးကိုမှ မတွေ့ချင်မမြင်ချင်ပါဘူး။

အတက်နေ့မှာ ခါတော်မှီသင်္ကြန်မိုးလေးရွာထားတော့ နှစ်ဆန်းတစ်ရက်နေ့မှာ ပိတောက်ပန်းတွေပွင့်မှာသေချာ တယ်။ နှစ်သစ်ပိတောက်တွေနဲ့အတူ မြန်မာနိုင်ငံသူနိုင်ငံသားများ၊ ကမ္ဘာသူကမ္ဘာသားများ ကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေ…။

Sunday, April 14, 2013

သင်္ကြန်အကြို သင်္ကြန်အကျ - ၂၀၁၃

















မန်းသင်္ကြန်ကို ပြန်လာပြီး မဏ္ဍပ်တွေလိုက်ရေချင်တဲ့ လူပျိုကြီးရဲ့ပိုစ့်ကိုဖတ်ပြီး အကြိုနေ့မတိုင်ခင်ညက ကျုံးပတ်လည်ကမဏ္ဍပ်တွေ ကျံုးအရှေ့ဘက်ခြမ်း ဆီဒိုနားထိပ်ကစပြီး လိုက်ရေကြည့်ထားတယ်။ အရှေ့ ဘက်ခြမ်းမှာမဏ္ဍပ် ၁၃ ခုရှိတယ်။ မြောက်ကျံုးမှာတော့ မဏ္ဍပ်တစ်ခုမှရှိဘူး။ အနောက်ကျံုးမှာ ၃ ခုရှိတယ်။ တောင်ကျံုးကတော့ ထုံးစံအတိုင်း မဏ္ဍပ်အများဆုံးပဲ။ မဏ္ဍပ် ၁၇ ခုရှိတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ သုံးနှစ်လောက်နဲ့ယှဉ်လိုက်ရင်ကို မဏ္ဍပ်တော်တော်နည်းသွားတယ်လို့ပြောရမယ်။ မဏ္ဍပ်နာမည်တွေ ရေးမှတ် ထားပေမယ့် ခုပြန်ရှာတော့ ဘယ်နားထားမိတယ်မသိတာနဲ့ ထည့်မရေးဖြစ်တော့ဘူး။ မဏ္ဍပ်တွေထဲမှာ သင်္ကြန်ယိမ်းအကပါတဲ့ မဏ္ဍပ်တစ်ခုမှမရှိတော့ဘူး။ မှတ်မှတ်ရရ ၂၀၁၀ အထိတော့ အရှေ့ကျံုးမှာ ကျန်းမာရေး မဏ္ဍပ်က သင်္ကြန်ယိမ်းအက ရှိသေးတယ်။













ကိုယ်တွေငယ်ငယ်တုန်းကဆို လမ်း ၃၀ ပေါ်မှာ ပညာရေးမိသားစုမဏ္ဍပ်၊ ဆောက်လုပ်ရေးမိသားစုမဏ္ဍပ်၊ နောက် မီးရထားမိသားစုမဏ္ဍပ်တွေရှိတယ်။ ကျံုးပတ်လည်မှာလည်း အကမဏ္ဍပ်တွေရှိတယ်။ ပုရိသပေမို့ မီနီတွေ မိုက်ခရိုတွေ၊ ကိုယ်ကျပ်တွေ လယ်ဟိုက်တွေနဲ့ ခေတ်သမီးပျို ချောချောလှလှတွေမြင်ရင် ကြည့်မိတာ ပါပဲ။ ဒါပေမယ့် သင်္ကြန်မိုး၊ ရှာပုံတော်မင်းသားကြီး၊ ညိုမြသီချင်းတွေနဲ့ ခေါင်းလေးယိမ်းကာ၊ ပခုံးလေးတွန့်ကာ၊ ခြေဖမိုးလေးရှေ့ထိုးကာ၊ လက်ကလေးချိုးကာ ကကြတဲ့ မြန်မာ့ရိုးရာသင်္ကြန်ယိမ်းသမလေးတွေလောက်တော့ မျက်စိထဲ မစွဲဘူးရယ်။


















အကြိုနေ့ညနေကတော့ မြို့တော်ဝန်မဏ္ဍပ်မှာ ဖွင့်ပွဲပုံ တစ်ပုံစ၊ နှစ်ပုံစ လျှောက်ရိုက်လိုက်သေးတယ်။ ထုံးစံအတိုင်း တော်တော်နဲ့မစဘူး။ ကလေးတွေလည်း နေပူကြီးထဲမှ ဒီအတိုင်းရပ်နေရတယ်။ ဖွင့်ပွဲပုံရိုက်တိုင်း အဆင်မပြေတာကများတယ်။ မြို့တော်ဝန်ဦးအောင်မောင်းပုံတော့ မှတ်တမ်းအနေနဲ့ ရအောင် ရိုက်လာခဲ့တယ်။ မြို့မငွေငန်းကိုတော့ တိုးကာဝှေ့ကာရိုက်ရတာပါပဲ။

ဒီနေ့(အကျနေ့)တော့ မေမေတရားစခန်းဝင်တဲ့ မန္တလေးတောင်ခြေက ဖားအောက်ရိပ်သာကို ခဏသွား ဖြစ်တယ်။ ကိုယ့်ထက်ပါရမီရင့်တဲ့၊ နှစ်တိုင်းဒုလ္လဘဝတ်တဲ့ ဦးဇင်းတွေကို သွားကန်တော့တာပါ။ ကိုယ် လာတော့လည်း ဝတ်ဖော်ဝတ်ဖက်လိုဖြစ်နေတဲ့ ဦးဇင်းတွေက နောက်နှစ်တော့ ဆက်ဆက်ဆုံကြဖို့ ပြောကြ အဲ မိန့်ကြတယ်။ ၁၂ နာရီခွဲတော့ တရားတက်ရတော့မှာမို့ ပြန်လာခဲ့တယ်။

မြို့ထဲပြန်ရောက်တော့ ယူနီစန်ကပိတ်နေပြီ။ လက်ဖက်ရည်ဆိုင်ပဲထိုင်တတ်တဲ့ ကိုယ့်ဒုက္ခက လူပျိုကြီး ပြောသလိုပဲ..။ ဆိုင်တော်တော်များများပိတ်ကြတော့ ထမင်းစားဖို့ ဆိုင်ရှာရတာလည်း သင်္ကြန်တွင်းဒုက္ခ တစ်ပါးပဲ။ ရှာရင်းရှာရင်း ဆေးကျောင်းနောက်က အချစ်ရွာဖွင့်လို့ တော်သေးတယ်။ ဂျပန်မကို ညနေဓာတ်ပုံ ထွက်ရိုက်ဖို့ ဖုန်းချိတ်တာ စားပြီးတဲ့အထိ ရောက်မလာတာနဲ့ ပြီးမှ ပြန်ဆက်မယ်ဆိုပြီး အိမ်ပြန်လာခဲ့တယ်။

ပူတာနဲ့ ညနေလည်းအပြင်မထွက်ဖြစ်ဘူး..။ ငယ်ငယ်တုန်းက ကြိုက်ခဲ့တဲ့သိုင်းကားတွေ ပြန်ကြည့်နေလိုက် တယ်။

မနက်ဖြန်ဆို သင်္ကြန်အကြတ်နေ့တောင်ရောက်ပြီ..။ မန္တလေးရဲ့အပူချိန်က ၄၃ ဒီဂရီစင်တီ။ ခုထိ သင်္ကြန် လက်ဆေးမိုး မရွာသေးဘူး။ ပိတောက်လည်း မပွင့်သေးဘူးရယ်။

Saturday, March 16, 2013

စာအုပ်ဖတ်ဖြစ်တဲ့ညနေ

စာအုပ် မဖတ်ဖြစ်တာ ကြာပြီ။ စာမဖတ်ဖြစ်တာ မဟုတ်ဘဲ စာအုပ်တွေကို လက်နဲ့ကိုင်ပြီး အစအဆုံး စာမဖတ်ဖြစ်တာ အနည်းဆုံး နှစ်နှစ်ရှိတော့မယ်။ ဝတ္တု၊ မဂ္ဂဇင်း၊ ဂျာနယ် ဖတ်ချင်တာတော်တော်များများ ကလည်း အွန်လိုင်းပေါ်မှာရနေတော့ ebook တွေပဲဖတ်ဖြစ်တာများပါတယ်။ စာရေးဆရာကြီးငယ်ရဲ့ စာအုပ်စာပေ စာတမ်းတွေကို ဒေါင်းလုပ်ဆွဲပြီး ကွန်ပျူတာနှင့်ဖတ်ချင်ဖတ်၊ အိုင်ပက်နဲ့ဖတ်ချင်ဖတ်။ ဒီလိုပဲ ဖတ်မိနေတယ်။ လတ်တလောသတင်းတွေ၊ ကိုးကားဖို့စာအုပ်တွေကလည်း ebook တွေအဖြစ်ရှိနေတာလည်း တစ်ပိုင်းပေါ့။

လွန်ခဲ့တဲ့ နှစ်လကျော်လောက်ကဖြစ်မယ်ထင်တယ်။ ရန်ကုန်က မိတ်ဆွေတစ်ယောက်က စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ် ဖတ်ပြီးပြီလားလို့ ဖုန်းမက်ဆေ့နဲ့မေးတော့ မဖတ်ရသေးဘူး။ ဘယ်သူရေးတာလဲလို့ပဲပြန်မေး လိုက်ပါတယ်။ စာရေးသူအမည်ရတော့ သြော် မသီတာ(စမ်းချောင်း)ကိုး.. ဒီစာအုပ် ဖတ်ဖြစ်အောင်ဖတ်မယ်လို့ တေးထားလိုက်တယ်။ ဒါပေမယ့် စာအုပ်ဆိုင်တန်းဘက် ခြေဦးမလှည့်မိ။ စာအုပ်တွေ မဝယ်ဖြစ်တာကလည်း ကြာပြီ။

ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၈ ရက်နေ့က ရာပြည့်မန္တလေးစာအုပ်ဆိုင် (၇) နှစ်ပြည့်နဲ့ အလင်္ကာစာပေဆုပေးပွဲ ဖိတ်စာ ရပါတယ်။ လကုန်ရက်ရုံးအလုပ်တွေရှုပ်နေတာနဲ့ လူချင်းရင်းတဲ့ ကိုပုညဆွေကို တွေ့မှပဲတောင်းပန်လိုက်မယ် ဆိုတဲ့အတွေးနဲ့ ပွဲလည်းသွားမတက်ဖြစ်ပါ။ စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ်ကို ဆုပေးတာဆိုမှပဲ စာအုပ်ဖတ်ဖို့ ပြန်သတိရမိတယ်။

စာအုပ်လက်ထဲရောက်တော့ မျက်နှာဖုံးအပြင်အဆင်ကစပြီး ကြည့်မိပါတယ်။ မျက်နှာဖုံးဒီဇိုင်းက ဆရာ မြင့်မောင်ကျော်ပါ။ ကိုယ်ကအပူရောင်တွေကို သိပ်မကြိုက်တတ်တော့ စာအုပ်ဖတ်မကြည့်ရသေးဘဲ ဘာကြောင့် အဖြူခံပေါ်မှာ ရိုးရိုးရှင်းရှင်း စကက်ချ်ဆွဲထားတာမျိုးမလုပ်တာပါလိမ့်လို့ တွေးမိပါတယ်။ ဆရာ ဦးဝင်းတင်၊ ဆရာဦးမျိုးမြင့်ငြိမ်းနဲ့ ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)တို့ သုံးဦးက ရှုထောင့်အသီးသီးက ချဉ်းကပ်ပြီး အမှာစာရေးပေးထားပါတယ်။

စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ်မှာ -

၁။ ဝိုးတဝါးအိပ်မက်များနှင့် လမ်းလျှောက်ခြင်း
၂။ အမှောင်တွင်းထဲသို့ လိမ့်ကျခြင်း
၃။ မိမိကိုယ်ကို ကုစားခြင်း
၄။ အမှောင်ထဲမှ လျှောက်ထွက်ခြင်း
၅။ အလယ်လမ်းမှာ လျှောက်လှမ်းခြင်း … ဆိုပြီး အခန်း ၅ ခန်း၊ ခေါင်းစဉ်ငယ်လေးတွေနဲ့ အတူ စာရေးသူ မသီတာရဲ့ ငယ်ဘဝ အိပ်မက်၊ ဆေးကျောင်းသူဘဝနဲ့ စာပေဝါသနာ၊ မြန်မာ့နိုင်ငံရေး ဇာတ်ခုံအခင်းအကျင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့စည်းရုံးရေးခရီးစဉ်အတွေ့အကြုံတွေ၊ အယ်ဒီတာဘဝနဲ့ အလုပ်သင်ဆရာဝန်ဘဝ နေ့ရက်တွေ၊ ငါးနှစ် ခြောက်လနှင့် ခြောက်ရက်ကြာဖြတ်သန်းခဲ့ရတဲ့ အင်းစိန်ထောင်ငရဲခန်းက ခါးသီးတဲ့ အတွေ့အကြံုတွေကို ဘယ်လိုရင်ဆိုင်ဖြတ်သန်းခဲ့တယ်ဆိုတာကို ရေးသားထားပါတယ်။

စာအုပ်မှာဖော်ပြထားတဲ့ အကြောင်းအရာတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ စာရေးသူရဲ့ခွင့်ပြုချက် မရဘဲ မဖော်ပြဖို့သတိပေးချက်ပါတဲ့အတွက် ဖတ်ကြည့်ဖို့ပဲတိုက်တွန်းချင်ပါတယ်။ (မာတိကာမှာပါတဲ့ အခန်း ငါးခန်းကို ခွင့်မတောင်းဘဲ ဖော်ပြထားမိပါတယ်။) ငါတို့စာပေက ထုတ်ဝေပြီး စာမျက်နှာ ၃၄၇ မျက်နှာ ပါဝင်ပါ တယ်။ တန်ဖိုးကတော့ ၄၀၀၀ ကျပ်ပါ။

အဖွင့် ဆရာဦးဝင်းတင်ရဲ့အမှာစာကစပြီး ထောင်အတွေ့အကြံုဝတ္တုရေးဖြစ်တဲ့အကြောင်း မသီတာ (စမ်းချောင်း)ရဲ့ ကျေးဇူးတင်စကားအထိ အစအဆုံးလက်ကမချဘဲ တစ်ထိုင်တည်းဖတ်ဖြစ်လို်က်တဲ့ စာအုပ်ဖတ်ဖြစ်တဲ့ တစ်ညနေပေါ့။