ဒီဇင်ဘာ ၁၆။ ဒီနေ့ မေမေ့မွေးနေ့။ မေမေ နေကောင်းပါရဲ့လား။ မေမေ့အကြောင်းရေးမယ်လို့ စဉ်းစားပြီး ကွန်ပျူတာရှေ့ထိုင်တော့ မျက်လုံးတွေ မှုန်ဝါး၊ဘာမှမရေးနိုင်ခင် ထိန်းထားတဲ့ကြားက မျက်ရည်တွေသာ အလိုလိုကျလာတာပဲ။
နေထွက် နေဝင်၊ မိုးလင်း မိုးချုပ် သားမျက်နှာကြည့်ပြီး အသက်ရှင်တဲ့မေမေ။ သားတော်တာတွေကို တပြုံးပြံုး ကြည့်ပြီး သားရှော်တာတွေကို ဖုံးထားတတ်တဲ့မေမေ။ သားတော်ရင် သားအရည်အချင်း၊ သားရှော်ရင် အဆုံးအမ ည့ံဖျင်းတာ မေမေပါတဲ့။ ဒီဇင်ဘာနှင်းစက်တွေနဲ့အတူ မွေးဖွားခဲ့တဲ့မေမေဟာ သားတော်လို့ရတဲ့ ချမ်းသာသုခ ခပ်နည်းနည်း၊ စိုးထိတ်ပူပန်စရာတွေသာ မိုးလိုရွှဲခဲ့တယ်။
ကိုယ်တိုင်ထူ ကိုယ်တိုင်ထရတဲ့ မိသားစုထမင်းဝိုင်းထဲ မေမေနဲ့ ညီမလေး ညှာတာသမျှ ကျွန်တော်က ဘဝကို သာသာ ယာယာဖြတ်သန်းခဲ့တယ်။ စောစောထတာ ကြိုက်တဲ့မေမေက အိပ်ရေးမက်တဲ့သားအတွက် နိုးလာရင် မနက်စာ၊ ဘယ်လောက်အိမ်ပြန်နောက်ကျကျ သားအတွက် ညစာ ပူပူနွေးနွေးအမြဲရှိတတ်ပေမယ့် ကျွန်တော် ကတော့ အသက် ၃၀ ကျော်တဲ့အထိ မေမေ့အတွက် မနက်စာ တစ်ခါမှ ပြင်ဆင်ပြီး ဝယ်မကျွေးဘူးခဲ့။
အဝေးဆုံးကိုမြင်နိုင်ဖို့ အမြင့်ဆုံးပျံတက်စေချင်တဲ့ မေမေ့ထိန်းကွက်မှုကြား၊ ကျွန်တော်က တောင်ပံတွေ ဟိုဒီကစား၊ ဒလိမ့်ကောက်ကွေးညတွေလည်း ခပ်များများ။ စာကြည့်တိုက် တစ်တိုက်စာလောက် စာအုပ်တွေပိုင်ဆိုင်၊ စာတွေအများကြီး ဖတ်တဲ့သား အသိခေါင်ခက် အဝင်နက်ခဲ့တာတွေကခပ်များများ။ ကိုယ်မှန်တယ်ထင်တာတွေ လုပ်ရင်း မေမေ့ကို နိုင်ငံရေးနဲ့လည်း ပူပန်စေမိ၊ လူမှုရေးနဲ့လည်း ပူပန်စေမိ၊ စီးပွားရေးနဲ့လည်း ပူပန်စေမိ။
အဲဒီလို ဘဝနဲ့ရင်းပြီး ရလာတဲ့ အသိတွေကြားမှာ ကမ႓ာကြီးကို မေမေ့အပါးဝပ်ဆင်းလာအောင် စွမ်းဆောင်ပေးဖို့ အသာထား ကျွန်တော်သာ အမေ့ရဲ့ ဒုက္ခအိုးလေးဖြစ်လာခဲ့ပါတယ်။ တေးသီချင်းတွေ မဖွဲ့တတ်ပေမယ့် ကဗျာတိုစ ရေးတတ်တဲ့ ကျွန်တော့ကို လွှမ်းမိုးနိုင်လွန်းတဲ့ မှော်ဆရာအိုနှစ်ဦးရှိပါတယ်။ သူတို့နှစ်ဦးသီဖွဲ့ခဲ့တဲ့အမေ့ရဲ့ ဒုက္ခအိုးလေးနဲ့ ခေါင်းလောင်းသံစာတမ်းဟာ ကျွန်တော့အတွက်တော့ အမေ့အကြောင်းကိုနာတဲ့ တရားဒေသနာ တွေပါပဲ။
ချစ်တဲ့သားနဲ့အတူ နောက်လာမယ့် မွေးနေ့ပေါင်းများစွာကို ဖြတ်သန်းဖို့ မေမေတစ်ယောက် ကျန်းမာချမ်းသာပါစေ။ မွေးနေ့မှာ ရွှင်လန်းချမ်းမြေ့ပါစေ မေမေ။
No comments:
Post a Comment