Sunday, April 14, 2013

သင်္ကြန်အကြို သင်္ကြန်အကျ - ၂၀၁၃

















မန်းသင်္ကြန်ကို ပြန်လာပြီး မဏ္ဍပ်တွေလိုက်ရေချင်တဲ့ လူပျိုကြီးရဲ့ပိုစ့်ကိုဖတ်ပြီး အကြိုနေ့မတိုင်ခင်ညက ကျုံးပတ်လည်ကမဏ္ဍပ်တွေ ကျံုးအရှေ့ဘက်ခြမ်း ဆီဒိုနားထိပ်ကစပြီး လိုက်ရေကြည့်ထားတယ်။ အရှေ့ ဘက်ခြမ်းမှာမဏ္ဍပ် ၁၃ ခုရှိတယ်။ မြောက်ကျံုးမှာတော့ မဏ္ဍပ်တစ်ခုမှရှိဘူး။ အနောက်ကျံုးမှာ ၃ ခုရှိတယ်။ တောင်ကျံုးကတော့ ထုံးစံအတိုင်း မဏ္ဍပ်အများဆုံးပဲ။ မဏ္ဍပ် ၁၇ ခုရှိတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ သုံးနှစ်လောက်နဲ့ယှဉ်လိုက်ရင်ကို မဏ္ဍပ်တော်တော်နည်းသွားတယ်လို့ပြောရမယ်။ မဏ္ဍပ်နာမည်တွေ ရေးမှတ် ထားပေမယ့် ခုပြန်ရှာတော့ ဘယ်နားထားမိတယ်မသိတာနဲ့ ထည့်မရေးဖြစ်တော့ဘူး။ မဏ္ဍပ်တွေထဲမှာ သင်္ကြန်ယိမ်းအကပါတဲ့ မဏ္ဍပ်တစ်ခုမှမရှိတော့ဘူး။ မှတ်မှတ်ရရ ၂၀၁၀ အထိတော့ အရှေ့ကျံုးမှာ ကျန်းမာရေး မဏ္ဍပ်က သင်္ကြန်ယိမ်းအက ရှိသေးတယ်။













ကိုယ်တွေငယ်ငယ်တုန်းကဆို လမ်း ၃၀ ပေါ်မှာ ပညာရေးမိသားစုမဏ္ဍပ်၊ ဆောက်လုပ်ရေးမိသားစုမဏ္ဍပ်၊ နောက် မီးရထားမိသားစုမဏ္ဍပ်တွေရှိတယ်။ ကျံုးပတ်လည်မှာလည်း အကမဏ္ဍပ်တွေရှိတယ်။ ပုရိသပေမို့ မီနီတွေ မိုက်ခရိုတွေ၊ ကိုယ်ကျပ်တွေ လယ်ဟိုက်တွေနဲ့ ခေတ်သမီးပျို ချောချောလှလှတွေမြင်ရင် ကြည့်မိတာ ပါပဲ။ ဒါပေမယ့် သင်္ကြန်မိုး၊ ရှာပုံတော်မင်းသားကြီး၊ ညိုမြသီချင်းတွေနဲ့ ခေါင်းလေးယိမ်းကာ၊ ပခုံးလေးတွန့်ကာ၊ ခြေဖမိုးလေးရှေ့ထိုးကာ၊ လက်ကလေးချိုးကာ ကကြတဲ့ မြန်မာ့ရိုးရာသင်္ကြန်ယိမ်းသမလေးတွေလောက်တော့ မျက်စိထဲ မစွဲဘူးရယ်။


















အကြိုနေ့ညနေကတော့ မြို့တော်ဝန်မဏ္ဍပ်မှာ ဖွင့်ပွဲပုံ တစ်ပုံစ၊ နှစ်ပုံစ လျှောက်ရိုက်လိုက်သေးတယ်။ ထုံးစံအတိုင်း တော်တော်နဲ့မစဘူး။ ကလေးတွေလည်း နေပူကြီးထဲမှ ဒီအတိုင်းရပ်နေရတယ်။ ဖွင့်ပွဲပုံရိုက်တိုင်း အဆင်မပြေတာကများတယ်။ မြို့တော်ဝန်ဦးအောင်မောင်းပုံတော့ မှတ်တမ်းအနေနဲ့ ရအောင် ရိုက်လာခဲ့တယ်။ မြို့မငွေငန်းကိုတော့ တိုးကာဝှေ့ကာရိုက်ရတာပါပဲ။

ဒီနေ့(အကျနေ့)တော့ မေမေတရားစခန်းဝင်တဲ့ မန္တလေးတောင်ခြေက ဖားအောက်ရိပ်သာကို ခဏသွား ဖြစ်တယ်။ ကိုယ့်ထက်ပါရမီရင့်တဲ့၊ နှစ်တိုင်းဒုလ္လဘဝတ်တဲ့ ဦးဇင်းတွေကို သွားကန်တော့တာပါ။ ကိုယ် လာတော့လည်း ဝတ်ဖော်ဝတ်ဖက်လိုဖြစ်နေတဲ့ ဦးဇင်းတွေက နောက်နှစ်တော့ ဆက်ဆက်ဆုံကြဖို့ ပြောကြ အဲ မိန့်ကြတယ်။ ၁၂ နာရီခွဲတော့ တရားတက်ရတော့မှာမို့ ပြန်လာခဲ့တယ်။

မြို့ထဲပြန်ရောက်တော့ ယူနီစန်ကပိတ်နေပြီ။ လက်ဖက်ရည်ဆိုင်ပဲထိုင်တတ်တဲ့ ကိုယ့်ဒုက္ခက လူပျိုကြီး ပြောသလိုပဲ..။ ဆိုင်တော်တော်များများပိတ်ကြတော့ ထမင်းစားဖို့ ဆိုင်ရှာရတာလည်း သင်္ကြန်တွင်းဒုက္ခ တစ်ပါးပဲ။ ရှာရင်းရှာရင်း ဆေးကျောင်းနောက်က အချစ်ရွာဖွင့်လို့ တော်သေးတယ်။ ဂျပန်မကို ညနေဓာတ်ပုံ ထွက်ရိုက်ဖို့ ဖုန်းချိတ်တာ စားပြီးတဲ့အထိ ရောက်မလာတာနဲ့ ပြီးမှ ပြန်ဆက်မယ်ဆိုပြီး အိမ်ပြန်လာခဲ့တယ်။

ပူတာနဲ့ ညနေလည်းအပြင်မထွက်ဖြစ်ဘူး..။ ငယ်ငယ်တုန်းက ကြိုက်ခဲ့တဲ့သိုင်းကားတွေ ပြန်ကြည့်နေလိုက် တယ်။

မနက်ဖြန်ဆို သင်္ကြန်အကြတ်နေ့တောင်ရောက်ပြီ..။ မန္တလေးရဲ့အပူချိန်က ၄၃ ဒီဂရီစင်တီ။ ခုထိ သင်္ကြန် လက်ဆေးမိုး မရွာသေးဘူး။ ပိတောက်လည်း မပွင့်သေးဘူးရယ်။

No comments:

Post a Comment