Sunday, September 28, 2014

ဆိုခွင့်

Zawgyi Version

လနက်နက် ညမှာထွက်ပြီလား
ပိုးစုန်းကြူးအိုက မေးတယ်
မျှော်လင့်သမျှအရာရာတိုင်း
မိုးရေ စိုစွတ်နေမှတော့
အိမ်လည်း မပြန်ဖြစ်တော့ဘူးပေါ့
အိပ်မက်က ငါ့ကို ဂျစ်ပဆီတွေလိုပြုံးပြရဲ့..။

အဲဒီမြို့ရဲ့လမ်းအိုကွေ့ချိုးမှာ
ဂစ်တာအိုလေးငါ့ကိုမျှော်နေလေမလား
တွေးလေးဝေးလေ အတိတ်ထဲ
ဖုန်တက်နေတဲ့ အတ္တတွေအထပ်ထပ်မို့
ကိုယ့်ကို စစ်နေမှန်းမသိတဲ့
စာမေးပွဲတွေလည်း ခဏခဏကျ…။

တကယ်ဆို သူသိနေမှတော့
အလွမ်းဆိုတာ ဖြစ်လာပါတော့မလား
ဒီလိုနဲ့
အနမ်းတွေသာ
အချိန်ကာလ အပိုင်းအခြားရဲ့
အောင်မှတ်မရတဲ့ ဘာသာတွေဖြစ်လာတယ်..။

နှစ်သိမ့်တေးမဆိုကြေးမို့
ကြာခဲ့ပါပြီလေ…
နှစ်ကိုယ်ကြား ဘာသာစကားတွေ
တစ်ဘဝစာ
နောက်ကျခဲ့တယ်ဆိုတာ…။

မိုးငယ်
(၃၁ သြဂုတ် ၂၀၁၄)

ကဗျာဘူကေး ၂

Zawgyi Version

” ပန်းဝေတံခါးပိတ် “

အလွမ်းတွေရှိထားကြောင်း
‘ပန်းဝေ’ သိလား မေးချင်တယ်။

လမ်းတွေ့ရင် ခေါ်ခွင့်မပိုင်ပါဘူး
ကျွမ်းမြေ့ချင် မျှော်လင့်နိုင်မှာလားရယ်လို့
ခိုးဝှက်ကာ အကြည့်ပုန်းတွေနဲ့
တိုးရှက်ရာ မချိဆုံးပါပဲ
ငြိထုံးလာ အလွမ်းတွေဝေတော့
ပန်းဝေသိမယ်။

ကိုယ့်မျက်ရည် ကိုယ်မတွေ့ရှာဘူးတဲ့
ညှို့ချက်တွေ အငိုဝေ့ပါရင်း
ကမ္ဘာချဉ်းအောင် ပန်တော်ပွင့်မယ့်
သခင့်အတွက် ပန်းတွေရယ်
နွမ်းလေတယ် ကျွန်တော် မျက်ဖြေရူး
( အော်……တို့ဘဝက )
တမ်းမပြေတယ်နော် မျက်ရည်ဦး။

နှောင်တွယ်တာ ခက်တာပဲ ပန်းရယ်လို့
ရှောင်ဖယ်ကာ မျက်နှာလွှဲစမ်းချင်တာပေါ့
ကျောင်းခန်းဆီ ခြေလှမ်းတွေ အရောက်ယူဆဲမှာပဲ
တစ်ယောက်သူ နောက်လူတွေ့နေနှင့်ပြီမို့
ရင်နင့်စွာ ကျွန်တော်ချစ်ပေမယ့်
မြင်ခွင့်မှာ အဖော်သစ်တွေနဲ့ ပန်းဝေရယ်
( တို့လေ… ) မခေါ်ဖြစ်ပါဘူး ။

တာရာမင်းဝေ

ကဗျာဘူကေး ၁

Zawgyi Version

” ဆုတောင်းဆိုတာ မင်းရယ်ငါရယ် ပစ်ချထားခဲ့ဖူးတဲ့ ခိုစာတွေ “

ငါ့နေက မင်းဘက်က အစောကြီးထွက်တယ်
ငါ့မျက်လုံးဆုံးတဲ့အထိ ငါ့စိတ်က မဆုံးသေးဘူး
မင်းပြန်တင်ပေးချင်တဲ့ကြယ်ဟာ ငါ့ချည်တိုင်မှာ
အကြွင်းမဲ့ပျော်ရွှင်မှုနဲ့ ဘယ်သူကြုံဖူးသလဲ
အိမ်ပြင်ကို တစ်ညလုံး ငါထွက်ကြည့်ဖြစ်တယ်
ဆယ်စုနှစ်တစ်စုရဲ့ နောက်ကြည့်မှန်ထဲ
ဂန္တဝင်တေးသွားတွေ သယ်လာတဲ့ ငါ့ကို တွေ့တယ်
စက္ကူလေယဉ်ပျံလေးတစ်စင်း ပြင်ထားတဲ့ မင်းကို တွေ့တယ်
တစ်ကြွင်းတဲ့ တနင်္ဂနွေတွေထဲ
မင်းနဖူးပေါ်က စံပယ်ပွင့်လေး ဘယ်သူတွန်းရွှေ့ခဲ့သလဲ
မင်းအသက်ရှုသံပေါ်က ဆွဲကြိုးလေး ဘယ်သူတတ်ပေးခဲ့သလဲ
ငါအံ့အားသင့်ရ
မင်းနှုတ်ခမ်းလေး တင်းစေ့ထားတာ
ငါ့အထီးကျန်မှုပဲဆိုတာ ငါပြန်သတိရ
ငါအံ့အားသင့်ရ
ငါရုပ်ရှင်ရုံထဲ ဝင်ထိုင်မိတဲ့အခါ
ကြိမ်ဖန်များစွာငေးကြည့်ဖူးတဲ့
ရယ်သံတစ်ခုကို ငါပြန်သတိရ
ငါအံ့အားသင့်ရ
ငါ့ကိုယ်စား
ပိတ်မိနေတဲ့ နေသားကျလွန်ကဲမှုအပေါ်
ယတိပြတ်သံသယရှိဖို့ မင်းစိတ်ကူးခဲ့စဉ် ငါရှိခဲ့တယ်
ငါ့ကိုယ်စား
ရုပ်ပြန်ဖျက်ထားတဲ့ အရှိန်သေနာကျင်မှုအပေါ်
မိုင်ကုန်မောင်းနှင်ဖို့ မင်းငြင်းပယ်နေစဉ်မှာလဲ ငါရှိနေဆဲ
ငါတို့နှစ်ယောက်ဟာ အတ္တကြီးစွာ အသံတွေ ဖူးပွင့်မယ့်နေ့ကို စောင့်နေတယ်
ဆုတောင်းဆိုတာ မင်းရယ်ငါရယ် ပစ်ချထားခဲ့ဖူးတဲ့ ခိုစာတွေပဲ
လက်ခံထားလိုက်တဲ့ သံယောဇဉ်ဆိုတာ
မအောင်မြင်ခဲ့တဲ့ ပြက်လုံးတွေဖြစ်ကြောင်း
ငါတို့ပဲ သိတယ်
ပုခုံးပေါ် ကျော််ကျော်ကြည့်ဖူးတဲ့
ထက်ဝက်ပျက် နှုတ်ဆက်မှုတွေကို
ငါဘယ်လို လှမ်းခေါ်ရဦးမလဲ
ပက်လက်ကုလားထိုင်တစ်လုံးပေါ်က
အပျော်တမ်း မီးခိုးငွေ့တွေကို
မင်းလည်း ငါ့လိုဆို ခံတွင်းပျက်မိမှာပဲ။ ။

သက်ထွေး
၂၆ စက်တင်ဘာ ၂၀၁၄

Friday, September 12, 2014

စင်ကာပူ (၃)

Zawgyi Version

မနက်ခင်းမိုးလင်းတိုင်း
အတူနေ အခန်းဖော်ကို
မင်္ဂလာပါနှုတ်ဆက်ဖို့
ဖုန်းကိုဖွင့်ပြီး မက်ဆေ့ပို့တဲ့မြို့။

(၁၂ စက်တင်ဘာ ၂၀၁၄)

Thursday, September 11, 2014

စင်ကာပူ (၂)

Zawgyi Version

အိပ်ရေးဝဝအိပ်ပြီး
မနက်ဖြန်အသစ်စရင်
စိတ်ညစ်သမျှတွေပျောက်သွားမယ်လို့
ခဏခဏထင်နေမိတဲ့မြို့။

(၁၁ စက်တင်ဘာ ၂၀၁၄)

စင်ကာပူ (၁)

Zawgyi Version

ပြက္ခဒိန်ထဲမှာ ဘဝကိုမြှုပ်
အချိန်ဇယားနဲ့ အလုပ်လုပ်ပြီး
လိုသလောက်ပိုက်ဆံ
အေတီအမ်မှာထုတ်တဲ့မြို့။

(၉ စက်တင်ဘာ ၁၄)