ဘာလို့ သက်သတ်လွတ်စားတာလဲ။
မိတ်ဆွေအသစ်တစ်ယောက်တိုးတိုင်း၊ နေရာသစ်ရောက်တိုင်း၊ အစားအသောက်နဲ့ကြုံတိုင်း မေးခံရတဲ့ မေးခွန်းပေါ့။ မေးတဲ့သူတွေပြောင်းသွားတိုင်း မပြောင်းလဲတဲ့ အကြောင်းတရား အဖြေကို ဖြေရတာပါပဲ။
အဖြေကလည်း တစ်ခါတည်း ပြည့်စုံအောင် ဖြေရတယ်။ ကျန်းမာရေးကြောင့်လည်း မဟုတ်ဘူး။ လှူ ထားလို့လည်း မဟုတ်ဘူး။ အချိန်အပိုင်းအခြားနဲ့ ဘာကြောင့်ညာကြောင့် ရှောင်တာလည်း မဟုတ်ဘူး။ ကိုယ်ကိုယ်တိုင်က စားချင်စိတ်မရှိလို့ မစားချင်လို့ပါ .. ပေါ့။
ကိုယ်မလုပ်ချင်လို့ မလုပ်ဘူးပြောတာ..။ လုပ်ချင်လို့ လုပ်တယ်ပြောတာလည်း ရှော့တော့ရှိပါတယ်။ ဘယ်လောက်တောင်ရှော့လည်းဆို ..ကိုးတန်း ကျောင်းသားဘဝက ကျောင်းအုပ်ကြီးရုံးခန်းရောက်တဲ့ထိပဲ။ ကိုယ်က ရိုးရိုးပဲဖြေတာ .. ဘာကြောင့် ရုံးခန်းရောက်ရသလဲ ဇဝေဇဝါပါပဲ။ (အဲဒီအကြောင်းလေးလည်း နောက်တော့ ရေးဦးမယ်။)
ပြန်ပြီးဆက်ရရင် .. အသားတင်မဟုတ် ငါးလည်း မစားပါဘူး။ (ရင်းနှီးတဲ့အစ်ကိုတစ်ယောက်ပြောသလို.. ကြည်းရေလေ ရှောင်ပေါ့) ဘယ်အချိန်ကတည်းလည်းဆိုရင် ၁၈ နှစ် ပြည့်ပြီးကတည်းကပါ..။ ၁၈ နှစ်ပြည့်တဲ့ မွေးနေ့မနက်မှာ .. ငါသည် အသားငါးတို့ကို ရာသက်ပန် မစားခြင်းဖြင့် အသက်ရှင်အံ့ .. ဘာညာ ကြွေးကြော်ပြီး မစားမျိုးလည်း မဟုတ်ပြန်ဘူး။ ၁၈ နှစ်ကျော်တော့ စပြီး မစားဖြစ်တော့တာပါပဲ။
ပိုရင်းနှီးတဲ့သူတွေ ဆိုရင်တော့ ကိုယ့်စိတ်ထဲ ရှိတာလေး ပြည့်ပြည့်စုံစုံပြောဖြစ်တယ်။ (နားထောင်တဲ့သူကလည်း အချိန်ရဦးမှကိုး)။
ဒီလိုပါ..။ ၁၉၉၀ ၉၁ ဝန်းကျင်တဝိုက်က မန္တလေးမြို့ ၂၆ လမ်းနဲ့ ရ၈ လမ်းထောင့်နားမှာ ဆိုင်းဘုတ်တစ်ခု ရှိခဲ့ဘူးတယ်။ အခုလို တိုက်တန်းတွေမဟုတ်သေးဘူး။ ရေနံချေးတွေသုတ်ထားတဲ့ မီးရထားခြံဝန်းကြီးရဲ့ ဘေးမှာ အနီရောင်ဆေးအခံ၊ အဖြူရောင်စာလုံးတွေနဲ့ ထင်ထင်ရှားရှားရေးထားတဲ့ ဆိုင်းဘုတ်တစ်ခုပေါ့။
တိရိစ္ဆာန်များ၏ အသားကို မစားခြင်းဖြင့် သူတို့အား ကြင်နာပါ .. တဲ့။
သုံးလေးတန်းအရွယ် ကောင်လေးတစ်ယောက် BMX စက်ဘီးတစ်စီးနဲ့ ဖြတ်သွားဖြတ်လာ လုပ်တိုင်း တွေ့နေမြင်နေ စိတ်ထဲစွဲနေခဲ့တယ်။ အဲဒီအချိန်တုန်းကတော့ အသားငါး အကုန်စားခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့ကျရင် ငါ အသားငါးတွေ မစားပဲနေလို့ရင် နေမယ်ဆိုတဲ့စိတ်လေး စွဲနေခဲ့တာကို ပြောချင်တာပါ။
သက်သတ်လွတ်စားတော့ စားတော့ဘာဖြစ်သလဲ။ မစားတော့ကော ဘာဖြစ်သလဲ။ .. ဘာမှ မဖြစ်ပါဘူး။ ကိုယ့်အမြင်ပြောရရင် သက်သတ်လွတ်စားတဲ့လူနဲ့ မစားတဲ့လူ .. စားခြင်း မစားခြင်း ကလွဲပြီး ဘာမှမထူးခြားပါဘူး။
ဒေဝဒတ်က သံဃာသင်းခွဲဖို့လုပ်တော့ ရဟန်းတွေ သက်သတ်လွတ်စားဖို့ ပညတ်ချက်ကိုတောင် မြတ်ဘုရားရှင်က ပယ်ခဲ့တာပါ။ ရဟန်းတော်တွေ သီးသန့် ဘုန်းမပေးအပ်တဲ့ အသားကြီး ၁၀ ပါးနဲ့ အစွန်း သုံးပါးလွတ်တဲ့အသားက လွဲရင် ကျန်တာတွေ ဘုန်းပေးနိုင်တယ် .. သီးသန့် သက်သတ်လွတ် စားစရာမလိုဘူးလို့ မိန့်ခဲ့တာပါပဲ။
ရဟန်းတော်များမှာ သီးသန့် မစားအပ်တဲ့ အသားကြီး ( ၁၀ ) မျိုးရှိတယ်။
၁။ လူသား ( ဇာတ်တူသား ဖြစ်သောကြောင့် )
၂။ ဆင်သား ( ရှင်ဘုရင်ရဲ့ အသုံးအဆောင်ဖြစ်ပြီး အန္တရာယ်ကြိုတင်ကာကွယ်နိုင်အောင်လို့ )
၃။ မြင်းသား ( ရှင်ဘုရင်ရဲ့ အသုံးအဆောင်ဖြစ်ပြီး အန္တရာယ်ကြိုတင်ကာကွယ်နိုင်အောင်လို့ )
၄။ ခွေးသား ( စက်ဆုပ် ရွံရှာဖွယ် ဖြစ်လို့ )
၅။ မြွေသား ( စက်ဆုပ် ရွံရှာဖွယ် ဖြစ်လို့ )
၆။ ကျားသား ( အနံ့ခံပြီး စားသူကို အန္တရာယ်ပေးတတ်လို့ )
၇။ ကျားသစ်သား ( အနံ့ခံပြီး စားသူကို အန္တရာယ်ပေးတတ်လို့ )
၈။ ခြင်္သေ့သား ( အနံ့ခံပြီး စားသူကို အန္တရာယ်ပေးတတ်လို့ )
၉။ အောင်းသား ( အနံ့ခံပြီး စားသူကို အန္တရာယ်ပေးတတ်လို့ )
၁၀။ ဝံသား ( အနံ့ခံပြီး စားသူကို အန္တရာယ်ပေးတတ်လို့ )
အစွန်းသုံးပါး ဆိုတာက –
၁။ ဒိဋ္ဌမံသ – ကိုယ့်ကို ရည်စူးပြီး သတ်ဖြတ်တယ်လို့ မျက်စိနဲ့ တပ်အပ်မြင်ကာ ချက်ကပ်ထားတဲ့ ဟင်းလျာ၊
၂။ သုတမံသ – ကိုယ့်ကို ရည်စူးပြီး သတ်ဖြတ်ထားတယ်လို့ တဆင့်စကား ကြားကာ ချက်ထားတဲ့ ဟင်းလျာ၊
၃။ ပရိသင်္က ိတမံသ – ကိုယ့်ကို ရည်စူးပြီး သတ်ဖြတ်ထားတယ်လို့ စိတ်က ယုံမှားရှိနေတဲ့ ဟင်းလျာတွေကို ဘုန်းမပေးကောင်းဘူး၊ စားသုံးခဲ့ရင် အပြစ်ဖြစ်ပါတယ်။
အသားကြီး ဆယ်မျိုးနဲ့ အစွန်းသုံးပါးရင် ကြက်သား ဝက်သားစသဖြင့် အားလုံး ဘုန်ပေးနိင်တယ်လို့ ခွင့်ပြုထားခဲ့ပါတယ်။
ဒါ့အပြင် .. အသားငါးနဲ့ ချို၊ ချဉ်၊ ငန်၊ ဖန်၊ စပ်၊ ခါး အရသာခြောက်ပါးကို သင့်တင်လျောက်ပတ်စွာ ဘုန်းပေးသုံးဆောင်ခဲ့ရရင် ရရှိတဲ့ အာဟာရဓာတ် ဘောဇနသပ္ပါယဟာ တရားထူးအတွက် အထောက်အပံ့ဖြစ်တယ်ဆိုတာ .. ဘုရားရှင်လက်ထက်မှာ သာဓက အထင်အရှားရှိခဲ့ပါတယ်။
ဒါကြောင့် သက်သတ်လွတ်စားလို့ ထူးပြီး ဂုဏ်ယူစရာမရှိသလို ဂုဏ်လည်း မယူခဲ့ဖူးပါဘူး။
ကိုယ်ကတော့ မစားတာကြာလာတော့လည်း အသားငါးတွေဟာ ကိုယ်နဲ့ မဆိုင်သလိုဖြစ်လာခဲ့တာပါပဲ။အမဲသားပေါ်တာ ဝက်ပေါ်တာတွေ မြင်ဖူးတဲ့ ကိုယ့်အတွက်တော့ ပိုဆိုးတာပေါ့။ ဒါပေမယ့် ဒါနဲ့ အသက်မွေး ဝမ်းကြောင်းရတဲ့သူတွေ အဖို့ကလည်း သူ့ ကုသိုလ်နဲ့ သူကိုး။ ဘယ်တတ်နိုင်ပါ့မလဲ။ အသီးအရွက်တွေမှာတောင် ပိုးမထိုးအောင် ပိုးသတ်ဆေးတွေဘာတွေ ဖျန်းရတာမျိုးကလား။
နောက်တစ်ချက်က နှလုံးသားအာဟာရထဲက စာစုလေးတစ်ခုလိုပေါ့ ..။ လမ်းလျှောက်ရင်း ကမ်းခြေသဲသောင်ပေါ်တင်နေတဲ့ ကြယ်ငါးလေးတွေကို ပင်လယ်ထဲ ပြန်ပစ်တဲ့အကြောင်းလေ။ သဲသောင်ပေါ်တင်နေတဲ့ ကြယ်ငါးတွေ မျက်စိတဆုံးပေမယ့် ကိုယ်နဲ့တွေ့ပြီး ပင်လယ်ထဲပြန်ရောက်သွားတဲ့ ကြယ်ငါးလေး ကံကောင်းသွားတယ်လို့ မှတ်ယူသလိုမျိုး .. ကိုယ်တစ်ယောက် အသားငါးမစားတော့လည်း တစ်ယောက်စာတော့ သက်သာသွားတယ်လို့ ရိုးရိုးသားသားပဲ ခံယူမိပါတယ်။
အဲ .. သက်သတ်လွတ်စားတယ်ဆိုပေမယ့် .. လုံးလုံး မရောမနှော မထိမတွေ့ လွတ်လွတ်ကင်းကင်း မစားဘူးလည်း မဟုတ်ပြန်ဘူး။ အသုပ်တွေစားတဲ့အခါ ငါးပိ ငံပြာရည်ဘာညာပါတာ စားပါတယ်။ ပုဇွန်ခြောက်အကြီးကြီးတွေပါရင် ဖယ်စားပါတယ်။ အိမ်မှာကြက်သားနဲ့ အာလူးချက်ရင် အာလူးကို ရွေးစားပါတယ်။ အဲသလို မျိုးပါ။ ပြီးတော့ ကြက်ဥစားပါတယ်။ ကြုံတဲ့အခါ နွားနို့လည်း သောက်ပါတယ်။
မိတ်ဆွေတစ်ယောက်ကတော့ ကြက်ဥတွေ နို့တွေက အသွေးအသားမို့ ပိုတောင်မစားသင့်ဘူးလို့ ပြောဖူး မှတ်ချက်ပေးဖူးပါတယ်။ ဒါပေမယ့် ပဲအမျိုးမျိုးနဲ့ အသီးအရွက်တွေ အချိန်ပေးချက်နိုင်တာမျိုးမရှိခဲ့ရင် ကြက်ဥကြော်ပြီးစားလိုက်တာပါပဲ။ အဲဒီအတွက်လည်း ငါ သူများအသွေးအသားတွေ စားလိုက်ပြီလို့ မမှတ်ယူပါဘူး။ အဓိက နှလုံးသွင်းပြီး စိတ်ထားတတ်ဖို့က အဓိကပဲ မဟုတ်လား..။
ဒါဆို သက်သတ်လွတ်မစစ်ဘူးပေါ့လို့ .. အမြဲမှတ်ချက်ပေးခံရပါတယ်။ ဟုတ်ပါတယ် သက်သတ်လွတ်စစ်ပါတယ်လို့ မှတ်ပုံတင်ပြီး စားတာမှ မဟုတ်တာပဲကို။ အသားငါးတွေ မစားချင်လို့ မစားယုံသက်သက်ပါပဲ။
တကယ် သက်သတ်လွတ်သလားမေးရင်တော့..
သက်သတ်လွတ်၏ မလွတ်၏ လို့ပဲ ဆိုရပေမပေါ့ ..။
(ဝန်ခံချက်။ အသားကြီး ၁၀ မျိုးနဲ့ အစွန်းသုံးပါး အသားအကြောင်းအရာတွေကို http://buddhismworld.ning.com/ မှ ကူးယူထားပါတယ်။)