လွန်ခဲ့တဲ့ ၇ နှစ် ဘာမီဒီယာလွတ်လပ်ခွင့်မှ မရသေးခင်က အာဇာနည်နေ့ကိုုဂုဏ်ပြုနိုုင်ဖိုု့ ကြိုးစားခဲ့ပါတယ်။ ကိုုယ်လေးစားရတဲ့ ဆရာတွေက အားပေးချီးမြောက်ခဲ့ကြတာလည်း ခံခဲ့ရပါတယ်။ ရေးခဲ့ဖူးတဲ့ ဖော်ပြခံရဖူးတဲ့ ဒီစာလေးနဲ့ပဲ ဒီနေ့ ကျရောက်တဲ့ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၉ ရက် ၆၈ နှစ်မြောက်အာဇာနည်နေ့ကို အလေးအမြတ်ဦးညွှတ်လိုက်ရပါတယ်ခင်ဗျာ။
(၂၀၀၈ ခုနှစ်တုန်းက မြန်မာတိုင်း(မ်)ဂျာနယ်ရဲ့ သတင်းထောက်ဘဝနဲ့ ရေးခဲ့တဲ့ ဆောင်းပါးလေးပါ။ ဗိုလ်ချုပ်အကြောင်း ရေးရင် အပုဒ်လိုက် ဖြုတ်ခံရတဲ့အချိန်မှာ စာရေးသက်မရှိတဲ့ သတင်းထောက်တစ်ယောက်ရဲ့ ဆောင်းပါးလေးလေမို့လားမသိ ..။ ကျွန်တော့အတွက်တော့ မှတ်မှတ်ရရ ဒီစာလေး ဂျာနယ်မှာပါလာခဲ့ပါတယ်။ ဂျာနယ်တွေတခုတ်တရသိမ်းထားပေမယ့် စုပုံပြီးများလွန်းနေတာရယ်ကြောင့် အဲဒီ့အချိန်က ဖော်ပြခံခဲ့ရတဲ့ စာစောင်အမှတ်ကိုတော့ မသဲကွဲပါ။ ၂၀၀၈ ခုနှစ် ဇူလိုင် ၁၉ ရက်ရှိတဲ့ အပတ်ကစာစောင်လို့ပဲ မှတ်ရမှာပါ။ ရှိတဲ့မှတ်စုစာရွက်ထဲကပဲ ဒီစာကို ပြန်ကူးထားပါတယ်။ နောက် လွန်ခဲ့တဲ့ ရ နှစ်ကဆိုတော့ အဲဒီတုန်းက ခေါင်းစဉ်က ” ၆၁ နှစ်တိုင်ခဲ့ပြီဖြစ်တဲ့ ရင်ထဲက အာဇာနည်နေ့ ” ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။)
” ၆၁ နှစ်တိုင်ခဲ့ပြီဖြစ်တဲ့ ရင်ထဲက အာဇာနည်နေ့ ”
၂၀၀၈ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ဆိုရင် မြန်မာနိုင်ငံလွတ်လပ်ရေးအတွက်ကြိုးပမ်းရင်း အသက်ပေးခဲ့ရတဲ့ မျိုးချစ်အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ အထိမ်းအမှတ်နေ့ဟာ ၆၁ နှစ် တိုင်ခဲ့ပါပြီ။ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေဟာ သူတို့အသက်၊ သွေး၊ ချွေးနဲ့တိုက်ခိုက်တွန်းလှန်ခဲ့ရတဲ့ မြန်မာနိုင်ငံကြီး လွတ်လပ်ရေးရတာကို မျက်ဝါးထင်ထင် မြင်မသွားခဲ့ကြရပါဘူး။
ဒါပေမယ့် တတိယတန်းကျောင်းသားလေးတစ်ယောက်ကတော့ အာဇာနည်နေ့ဆိုတာကို သိရုံလေးနဲ့ အတန်းပိုင်ဆရာမကျွေးတဲ့မုန့်ကို ကျောင်းတက်ချိန်မှာ စားခွင့်ရခဲ့ဖူးပါတယ်။
လွန်ခဲ့တဲ့ ၁၈ နှစ်ဝန်းကျင်တုန်းက တတိယတန်းကျောင်းသားတစ်ယောက်ရဲ့ မှတ်သိစိတ်ထဲမှာ အာဇာနည်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်တွေမှန်း မသိတတ်သေးပါဘူး။
ဒါပေမယ့်
” ဖေဖော်ဝါရီဆယ့်သုံးမှာ ဗိုလ်ချုပ်မွေးနေ့ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး ရှေ့နေဦးဖာသား
ဇာတိနတ်မောက် မကွေးခရိုင် သိကြများခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား မိခင်ဒေါ်စုသား
တစ်ထောင့်ကိုးရာလေးဆယ့်ခွန် ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ဘဝင်ညှိုး ဇူလိုင်တစ်ဆယ့်ကိုး
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်ဗိုလ်ချုပ်တို့ဖခင်
ကောင်းစေချင်တဲ့မှာစကား ငါတို့မမေ့အား ” ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းကဗျာလေးရယ်။
တတိယတန်း မြန်မာစာဖတ်စာအုပ် နောက်ဆုံးစာမျက်နှာမှာပါတဲ့ ” ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ဂျပန်ပြည်မှာကွယ် တကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲ ဒုက္ခခံကာ ကြံစည်တယ်… သူရဲကောင်းတို့ ဗိုလ်အောင်းဆန်းနဲ့အာဇာနည်တွေရယ် …” ဆိုတဲ့ သီချင်းကို ဆိုလိုက် ကြားလိုက်မိတဲ့အခါတိုင်း ကြက်သီးမွေးညင်းတွေ ထလာတတ်မြဲပါ။
မှတ်မှတ်ရရ ၄၃ နှစ်မြောက်အာဇာနည်နေ့မတိုင်ခင် နှစ်ရက်အလိုမှာ အတန်းပိုင်ဆရာမက အာဇာနည်နေ့အကြောင်းကို စာစီစာကုံးတစ်ပုဒ်ရေးခိုင်းတယ်။ အစ်ကိုတွေ အစ်မတွေမရှိတဲ့ သုံးတန်းကျောင်းသားတစ်ယောက်အတွက် အာဇာနည်နေ့နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို မိဘတွေကိုမေး၊ စာအုပ်စာတန်းတွေ ရှာခိုင်းပြီး စာစီစာကုံးတစ်ပုဒ်ဖြစ် အောင်ရေးရတယ်။
နောက်တစ်နေ့ စာစီစာကုံးစာအုပ်တွေ ထပ်ခိုင်းပြီးဆရာမက ကျောင်းသားတွေကို ဉာဏ်စမ်းမေးခွန်းတွေမေးတယ်။ မှန်အောင်ဖြေနိုင်တဲ့သူကို ကျောင်းတတ်ချိန်မှာ မုန့်ကျွေးမယ်၊ မုန့်စားခွင့်ပြုမယ်ပေါ့။ မှားတဲ့သူတွေကတော့ ခုံပေါ် တက် ပြီးမတ်တပ်ရပ်ရတယ်။
ကျောင်းသားလေးကလည်း စာစီစာကုံးကို အချက်အလက်တွေနဲ့ သေချာကြိုးစားရေးလာတာဆိုတော့ ကိုယ့်ဘာသာကို ယုံကြည်ချက်အပြည့်နဲ့ပေါ့။ အဲဒီအချိန်တုန်းက ဗိုလ််ချုပ်အောင်ဆန်းကဗျာကို ကျောင်းမှာမသင်ရသေးဘူး။ ဆရာမက တစ်ယောက်ပြီးတစ်ယောက် မေးခွန်းတွေမေးတယ်။ ဘယ်သူမှ ပြည့်စုံအောင် မဖြေနိုင်ကြဘူး။
ဆရာမမေးတာက ဗိုလ်ချုပ်မွေးတဲ့ခုနှစ်၊ ဗို်လ်ချုပ်ရဲ့မိဘတွေမည် စသဖြင့်ပေါ့…။ ကျောင်သားလေးကတော့ ဗို်လ်ချုပ်ကဗျာကိုရနေတော့ ခုံပေါ်တက်မတ်တပ်ရပ်နေကြတဲ့သူတွေကိုကြည့်ရင်း ဆရာမမေးသမျှှ ဖြေနိုင်မှာဘဲဆိုတဲ့ယုံကြည်ချက်အပြည့်နဲ့ မေးခွန်းတွေကိုဖြေရတယ်။ မေးခွန်းနဲ့တွေ့တော့ ကံကောင်းလို့ ခုံပေါ်တက်ရပ်ရတော့မလို့…။
ဆရာမမေးတာက အာဇာနည်ကိုးဦးအမည်။ တစ်ဦးချင်းဖြေနိုင်တယ်။ နောက်ဗိုလ်ချုပ်မွေးနေ့။ ၁၉၁၅ ဖေဖော်ဝါရီ ၁၃ ပေါ့။ ဖြေနိုင်တယ်။ ထပ်မေးတယ်။ ဗိုလ်ချုပ်ရဲ့ မိဘတွေအမည်။ ရှေ့နေဦးဖာနဲ့ မိခင်ဒေါ်စုပေါ့။ ဆရာမက မရပ်သေးဘဲ ထပ်မေးပြန်တယ်။ ဗိုလ်ချုပ်ရဲ့အဖေက ဘာအလုပ်လုပ်သလဲတဲ့။ ကျောင်းသားလေး တွေဝေသွားတယ်။ ချက်ခြင်းမဖြေနိုင်ဘူး။ ဗို်လ်ချုပ်အဖေရဲ့ အလုပ်အကိုင်ကို မသိဘူးဖြစ်နေတယ်။ ဆရာမကတော့ ပြုံးပြံုးလေးနဲ့ ထပ်ပြောတယ်။ သားရယ်..ဗိုလ်ချုပ်အဖေနာမည်သိပြီး အလုပ်အကိုင်ကျမှ ဘာလို့မသိရတာလဲတဲ့။ သေချာစဉ်းစားကြည့်ပါဦးပေါ့..။ ရှေ့နေဦးဖာရဲ့ အလုပ်အကိုင်ကို မပြောနိုင်တာနဲ့ ခုံပေါ်တက် မတ်တပ်ရပ်ရတော့မလို့..။
ကဗျာကို အလွတ်ရနေပေမယ့် စကားလုံးတစ်လုံးခြင်းစီကို ခွဲခြမ်းစိတ်ဖြာပြီး ပိုင်းခြားနားလည်အောင် စဉ်းစားနိုင်စွမ်းနုနယ်သေးတဲ့အရွယ်မှာ ဦးဖာဟာ ဗို်လ်ချုပ်ရဲ့အဖေမှန်းသိပေမယ့် ဦးဖာရဲ့အလုပ်အကိုင်ဟာ ရှေ့နေဆိုတာကို အတော်ကြာအောင် စဉ်းစားယူခဲ့ရတယ်။ နောက်မှ ဖြတ်ခနဲ ပေါ်လာတယ်။ ရှေ့နေပါ ဆရာမပေါ့..။
ကျောင်းတက်ချိန်မှာ ဆရာမခွင့်ပြုချက်နဲ့ ဆရာမကျွေးတဲ့မုန့်ကို သူငယ်ချင်းတွေအားလုံးရှေ့မှာ ဂုဏ်ယူစွာစားရင်း အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ အပေါ်ယံအမည်နာမကို သိကျွန်းရင်းနှီးယုံနဲ့ အကျိုးကျေးဇူးကို သုံးတန်းကျောင်းသားတစ်ယောက် ခံစားခဲ့ရတယ် …။
နောက်ပြီးတော့ ဆရာကမ ကျောင်းသားတွေအားလုံးကို အာဇာနည်နေ့ဖြစ်ပေါ်လာပုံ။ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ တိုင်းပြည်အပေါ်ထားတဲ့ စိတ်သဘောထားမြင့်မြတ်ပုံ၊ ဂဠုန်ဦးစောနဲ့အပေါင်းအပါတွေရဲ့ တိုင်းပြည်အပေါ်မထောက်မညှာ သွေးအေးရက်စက်ပုံနဲ့ အာဇာနည်နေ့ကို မမေ့သင့်တဲ့ အကြောင်းကို ကျောင်းသားတွေကို ရှင်းပြတဲ့အခါ မုန့်စားခွင့်ရလို့ ဂုဏ်ယူတဲ့ပျော်ရွှင်စိတ်တွေနဲ့အတူ နာကြည်းဝမ်းနည်းကြေကွဲမှုတွေကို အဲဒီ့အချိန်က တိုင်းသူပြည်သားတွေနဲ့ ထပ်တူထပ်မျှ ခံစားလိုက်ရတယ်။
ကိုယ်ကျိုးမဖက်ဘဲ တိုင်းပြည်ကောင်းစားဖို့ အနစ်နာခံဆောင်ရွက်ခဲ့တဲ့ ဗို်လ်ချုပ်အောင်ဆန်းရဲ့ ပုံရိပ်လွှာ၊ ဗို်လ်ချုပ်နဲ့စိတ်တူကိုယ်တူ လွတ်လပ်တဲ့တိုင်းပြည်တည်ထောင်ဖို့ ကြိုစားနေကြတဲ့ မျိုးချစ်ပုဂ္ဂိုလ်ကြီးတွေရဲ့ အားမာန်တွေဟာ သုံးတန်းကျောင်းသားလေးတွေရဲ့ သွေးထဲမှာ လှည့်ပတ်စီးဆင်းခဲ့ကြတယ်။
ဇူလိုင် ၁၉ ရက်နေ့ရောက်တိုင်း ဗို်လ်ချုပ်အောင်ဆန်းနဲ့ မျိုးချစ်ခေါင်းဆောင်ကြီးတွေရဲ့ တိုင်းပြည်အပေါ်အနစ်နာခံပေးဆပ်နိုင်ခဲ့တဲ့ စိတ်ဓာတ်တွေကို လေးစားဂုဏ်ယူစိတ်၊ ဗို်လ်ချုပ်တို့သာ အခုအချိန်ထိရှိနေသးရင်ဆိုတဲ့ လွမ်းတဲ့၊ နှမျောတဲ့ မချိတင်ကဲအတွေးတွေနဲ့အတူ အတန်းပိုင်ဆရာမတစ်ယောက်ရဲ့ ကျောင်းသူကျောင်းသားတွေအပေါ်ထားတဲ့ စိတ်အလှ ရုပ်အလှကို သင်ကြားပေးနိုင်ခဲ့တဲ့ စေတနာကို အမြဲဦးခိုက်အမှတ်ရနေမိပါတော့တယ်…။
No comments:
Post a Comment