Sunday, July 19, 2015

လီလီပန်းလေးများရဲ့ နောက်ကွယ်

Zawgyi Version

၂၀၁၁ စက်တင်ဘာ ၂၁ ရက်နေ့ထုုတ် 7Day News Journal မှ ငြိမ်းငြိမ်းနိုုင်၏ ဆောင်းပါးဖြစ်ပါသည်။

” လီလီပန်းလေးများရဲ့ နောက်ကွယ် …”

“ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေက ဘာမှ လုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့ အဘိုးကလည်း သူ့အပြစ်အတွက် ဥပဒေအရ ခံသွားပြီပဲ။ ကျန်တဲ့လူမှာ ဘာအပြစ်မှမရှိဘူး။ ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့ကိုယ်သူတို့လည်း အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး”
(ဒေါ်အောင်ဆန်းစုကြည်)

လီလီပန်း အဖြူရောင်လေးများက ကနုတ်ပန်းကြွ မင်္ဂလာဘိသိက် ငွေဖလားကြီးထဲ၌ လှလှပပ လန်းလန်းဆန်းဆန်း။ လွန်ခဲ့ပြီးသော ဆယ်စုနှစ်သုံးခုကျော်မ ှကြီးကျယ် ခမ်းနားလှသည့် မင်္ဂလာအခမ်းအနားပွဲ တစ်ခု၏ မြင်ကွင်းဖြစ်သည်။

ဘိသိက်ခံမင်္ဂလာမောင်နှံမှ သတို့သမီးမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများကို လုပ်ကြံမှုှုတွင် မြန်မာ့သမိုင်း တရားခံတစ်ဦးအဖြစ် ပြည်သူများအကြား ယနေ့တိုင် နာမည်ဆိုးနှင့် ရှိနေခဲ့သော ဂဠုန်ဦးစော၏ မြေးဖြစ်၏။ ဦးစော၊ ဒေါ်သန်းခင်တို့၏ သမီးဒေါ်ဘေဘီစောမှ မွေးဖွား သော ဒုတိယသမီး ဒေါ်မွန်မွန်ရင်ဖြစ်သည်။

ဒေါ်မွန်မွန်ရင်၏ မင်္ဂလာပွဲ ဘိသိက်ပန်း ငွေဖလားတွင် လီလီပန်းကိုသာ ထိုးရမည်ဆိုသည့် အဘွားဒေါ်သန်းခင်၏ တစ်ချက်လွှတ် ဆန္ဒဖြင့် ထိုလီလီပန်းဖြူဖြူ ဖွေးဖွေးများကို ရန်ကုန်တစ်မြို့လုံးတွင် မရမက ရှာဖွေခဲ့ရသည်ဆို၏။
ထိုပန်းများကို တစ်မြို့လုံးတွင် မရမက လိုက်လံရှာဖွေခဲ့ရာ နောက်ဆုံးတွင်မှ တိုက်တိုက်ဆိုင်ဆိုင်ပင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်ခြံထဲ၌ စိုက်ပျိုးထားသော လီလီပန်းများရှိကြောင်း သတင်းရသဖြင့် ထိုလီလီပန်း အဖြူရောင်များကို မင်္ဂလာဘိသိက်ပန်းအဖြစ် ထိုးနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုအဖြစ်အပျက်မှာ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကျော်က ဖြစ်ပြီး သမိုင်းဝင် မှတ်တမ်းတွင် မိသားစုနှစ်ခုကြား တစ်ကြိမ်တည်းသော အမှတ်မထင်ဆုံစည်းခဲ့သည့် ဆက်စပ်မှုတစ်ခု ဖြစ်ခဲ့လေသည်။

“ပန်းတွေ သွားခူးတဲ့နေ့က လာခူးတဲ့ လူတွေကို အန်တီဒေါ်ခင်ကြည်က အိမ်ပေါ်ကနေသော့ ပစ်ချပေးရင်း ဘယ်သူ့မင်္ဂလာဆောင်လဲလို့ မေးတယ်တဲ့။ ဦးစော၊ ဒေါ်သန်းခင်မြေး မင်္ဂလာဆောင်ပါလို့ ပြောတော့ သြော် ဒေါ်သန်းခင်က မြေးတွေဘာတွေနဲ့ ဆိုတော့ ကျွန်မထက် သူကတောင် ပိုကံကောင်းတာပေါ့လို့ ပြောတယ်တဲ့။ အဲဒီစကားလေးနဲ့ ပန်းလေးတွေက မှတ်မှတ်ရရပါပဲ” ဟု ဒေါ်မွန်မွန်ရင်က သူ့မင်္ဂလာဆောင် အမှတ်တရ ဘိသိက်ပန်းအဖြစ် ဒေါ်ခင်ကြည် စိုက်ပျိုးထားသော အဖြူရောင် လီလီပန်းလေးများကို မင်္ဂလာငွေဖလားထဲတွင် ထိုုးစိုက်နိုင်ခဲ့ပုံကို ဂုဏ်ယူဝင့်ကြွား ပီတိဖြစ်စွာ ပြန်ပြောင်းပြောပြသည်။

ယခုအခါ ဦးစော၏ ဇနီး ဒေါ်သန်းခင်လည်း မရှိတော့၊ ဦးစော၏ သမီးဒေါ်ဘေဘီစောလည်း ကွယ်လွန်သွားပြီ ဖြစ်သည်။ အချိန်ကာလ ဆယ်စုနှစ်တွေလည်း တစ်စုပြီးတစ်စု ဖြတ်ကျော်ခဲ့ပြီ ဖြစ်သကဲ့သို့ ဦးစောမိသားစုဝင်တွေလည်း သမိုင်းမှအရိပ်မည်းတစ်ခု၏ ခြောက်လှန့်မှု အောက်မှ တဖြည်းဖြည်း ရုန်းထွက်လာနိုင်ပြီ ဖြစ်သည်။ သမိုင်းတရားခံ မိသားစုအဖြစ် အပြစ်ရှိသူများကဲ့သို့ ဖြတ်သန်းလာခဲ့ရသည့် ကာလများမှာ အချိန်တွေ ကြာလာသည်နှင့်အမျှ ဒေါ်မွန်မွန်ရင်၏ သား၊သမီးမြေးများ လက်ထက် ယခုအခါတွင်မူ တဖြည်းဖြည်း လွတ်မြောက်လာခဲ့ပြီဟု ဒေါ်မွန်မွန် ရင်ကယူဆလေသည်။

“အန်တီ့မေမေနဲ့ အဘွားတုန်းကတော့ တော်တော်လေး ရပ်တည် ရုန်းကန်ခဲ့ကြရတယ်။ အန်တီတို့ကျတော့ ကံကောင်းပါတယ်။ တော်တော်ကို အခြေအနေ ကောင်းလာပါတယ်။ ဒါပေမဲ့ အန်တီ့သမီးကြီးတုန်းကတော့ နည်းနည်းလေး ဂယက်ရှိခဲ့သေးတယ်။ ဆိုးဆိုးဝါးဝါးကြီးတော့ မဟုတ်ပါဘူး”

“ဦးစောမြစ်တဲ့”၊ “ဦးစောမြစ်တဲ့” ဆိုသည့် တစ်ကျောင်းတည်းနေ ကျောင်းသူ၊ ကျောင်းသားများထံမှ ကြားရသည့် မလိုလားသော အသံဟန်နှင့် ပြောဆိုမှုှုကိုကြုံတွေ့ခဲ့ရသည့် သမီးကြီးအတွက် ဒေါ်မွန်မွန်ရင် စိတ်ပူကာ နောက်ကျောင်းတစ်ကျောင်းသို့ ပြောင်းထားခဲ့ရသည်။

“ကလေးတွေမှာ ခံစားချက်ရှိ တယ်။ ကလေးချင်းဘာမှ ဆိုးဆိုးဝါးဝါးမရှိပေမယ့် ကျောင်းမှာ သူတို့အဘိုးနာမည်ကိုတပ်ပြောလာတော့ ကြောက်တာပေါ့လေ။ ကလေးစိတ်အနှောင့် အယှက်ဖြစ်မှာစိုးတာနဲ့ ကျောင်းပြောင်းလိုက်ရတာပေါ့”ဟု အဘိုးဖြစ် သူ၏ ဂယက်ရိုက်ခတ်မှုှုက မြစ်ဖြစ် သူအထိပင်ရှိခဲ့ကြောင်းကို ဒေါ်မွန်မွန်ရင်က ဥပမာပေး၍ ပြောပြသည်။

ဒေါ်မွန်မွန်ရင်မှာ ငယ်စဉ်က ပင် မိခင်နှင့်အဘွားဖြစ်သူသင်ကြား ပေးသည့်အတိုင်း နေထိုင်ခဲ့ရသလို ယခုသူ့သားသမီးမြေးများကိုလည်း ထိုကဲ့သို့ပင် ဆက်လက်သင်ကြားပေး သည့်အတွက် လူမှုှုပတ်ဝန်းကျင်တွင် ကောင်းမွန်စွာ နေထိုင်နိုင်ခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

“အန်တီ့ကိုငယ်ငယ်ကတည်း က မေမေကပြောတယ်။ ကိုယ့်မှာအပြစ်ရှိခဲ့တယ်။ အဲဒါကြောင့်သူများ တွေက အဘိုးနဲ့ပတ်သက်လို့ပြော လာရင် ပြန်ရန်ဖြစ်တာတို့ ပြန်ပြောတာတို့မလုပ်ရဘူးတဲ့ ဦးနှောက်ထဲကို အဲဒီအတိုင်းသွင်းပေးထားတာ။ အဲဒီတော့ ဘာမှ ပြန်မပြောရဲဘူး”ဟု ဒေါ်မွန်မွန်ရင်ကဆိုသည်။

ဒေါ်မွန်မွန်ရင်သည် မိသားစုနှင့်အတူ ဦးစော နေထိုင်ခဲ့ရာ အေဒီလမ်းရှိ အိမ်ခြံဝင်းနှင့် တစ်ခြံကျော်၌ လက်ရှိနေထိုင်လျက်ရှိသည်။ သူတို့အိမ်ဧည့်ခန်းဆောင်တွင် ၀င်ဝင်ချင်း တွေ့မြင်ရသည်က ဦးစောနှင့် ဇနီးဒေါ်သန်းရင်တို့ ဇနီးမောင်နှံပုံတူ ကျောက်စီပန်းချီကားကြီးဖြစ်၏။ ထိုပန်းချီကားခြေရင်းတွင် စားပွဲတစ်လုံးချကာ ရေပူရေအေး ဆက်ကပ်ထားသည်ကိုုလည်း တွေ့ရသည်။

သမိုင်းတရားခံတစ်ဦး ဖြစ်သော်ငြား မိသားစုဝင်များကမူ ဦးစော ကြိုးစင်မတက်ခင် ထောင်အတွင်းမှ ရေးသားထားသောစာများကိုဖတ် ရှုှုသိမ်းဆည်းထားကာ ထိုစာများအရ အဘိုးဖြစ်သူ ဦးစောသည် မသေဆုံးမီ အမှန်တရားကို သိမြင်လက်ခံသွားခဲ့သည်ဟု ယုံကြည်လျက်ရှိကြ သည်။ ဦးစောက သူတို့အတွက် သူရဲကောင်း တစ်ယောက်မဖြစ်ခဲ့သော်လည်း သမိုင်းသင်ခန်းစာများ ပေးသွားခဲ့သူ တစ်ယောက်ဖြစ်သည့်အပြင် တိုင်းပြည်ကို ချစ်မြတ်နိုးခဲ့သူ တစ်ယောက်အဖြစ်လည်း လက်ခံထားကြသည်။

“သူမသေခင်ရေးခဲ့တဲ့ စာကိုကြည့်ရင်သူအမှန်တရားကို သိသွားခဲ့လို့ပေ့ါ။ တကယ်တော့အထင်လွဲမှုှု တွေကနေ ဖြစ်လာတဲ့ သူ့ပင်ကို စိတ်ပေါ်လာတာပေါ့။ ဒေါသစိတ်ကြောင့် ဖြစ်ခဲ့ရတာလေ။ အဲဒီလိုသာ မဟုတ်ခဲ့ရင် တိုင်းပြည်လည်း ဒီလို ဘယ်ဖြစ်မလဲ။ သူလည်း တိုင်းပြည်ကို ချစ်တဲ့သူတစ်ယောက်ပဲ ဆိုတာ အန်တီတို့အိမ်မှာ ကျန်ခဲ့တဲ့ စာရွက်စာတမ်း၊ စာအုပ်တွေကို ကြည့်ရင်သိ နိုင်ပါတယ်””ဟု အဘိုးဖြစ်သူအပေါ် မိသားစုဝင်တစ်ဦးအဖြစ် နားလည်မှု ပြည့်ဝစွာဖြင့် ပြောပြသည်။

မည်သို့ပင်အဘိုးဖြစ်သူကို နားလည်မှုှုရှိသည်ဆိုဦးတော့ အဘိုး၏ တိုင်းပြည်အပေါ် ကျူးလွန်ခဲ့မှုှုအတွက် ယနေ့အချိန်ထိ ပေးဆပ်ရလျက်ရှိဆဲ ဖြစ်သည်ဟုဆိုသည်။

“လူတွေအမြင်မှာ သြော်.. ဒီမိသားစု သူတို့အပြစ်တော့သူတို့ သိသားပဲဆိုတာမျိုး ဖြစ်အောင် နေရပါတယ်။ အန်တီ့မေမေနဲ့ အဘွားတုန်းကဆိုရင် သူတို့တွေက ရှိတဲ့ပစ္စည်း ထုတ်ရောင်းတာ။ အပြင်လူနဲ့ ကူးလူးရတဲ့ စီးပွားရေးတွေ ဘာတွေလုပ်လို့ အဆင်မပြေဖူးလေ။ အဘိုးထားခဲ့တဲ့ ခြံပတ်ပတ်လည်က မြေတွေရောင်းစားပြီး နေလာခဲ့ကြတာ။ အန်တီ့အမေ လက်ထပ်ပြီး နောက်ပိုင်း အဖေက ၀န်ထမ်းဆိုတော ့အန်တီတို့လည်း ၀န်ထမ်းမိသားစုဝင်တွေ ဖြစ်လာတာပေါ့။ တဖြည်းဖြည်းနဲ့” ဟု ဦးစောမိသားစုဝင်များအဖြစ် ဖြတ်သန်းခဲ့ရသည့် အတိတ်ပုံရိပ်တို့ကို ပြန်ပြောင်းပြောပြသည်။

ယခုတော့ တဖြည်းဖြည်းနဲ့ လူမှုဝန်းကျင် ကျယ်ပြန့်လာခဲ့သည် မှာ သားကြီးက ပြည်သူတွေနဲ့ ထိ တွေ့ဆက်ဆံရသည့် အနုပညာရှင်တစ်ဦးအဖြစ် ဆယ်နှစ်ကျော်ဖြတ်သန်းခဲ့ပြီ ဖြစ်သည်။ သားကြီးက သရုပ်ဆောင် မင်းခဖြစ်သည်။

သားကြီးသရုပ်ဆောင်လုပ် လိုသည်ဟုပြောသည့်နေ့က ဒေါ်မွန်မွန်ရင်အော်လိုက်သည့်အသံမှာ တစ်အိမ်လုံးပင် လန့်သွားရသည်ဟုဆိုသည်။

“သရုပ်ဆောင်ပဲ ၀ါသနာပါတယ်။ သရုပ်ဆောင်ပဲ လုပ်မယ်ဆိုတော့ အဲဒီနေ့က အန်တီအော်လိုက်တာ အိမ်ကလူတွေတောင် လန့်သွား တယ်။ အမလေး၊ အမလေး ဘယ့်နှယ့် တစ်မိသားစုလုံး လူမသိသူမသိ နေလာရပါတယ်ဆိုမှ မင်းကျမှ သရုပ်ဆောင်လုပ်မယ် ဆိုပြီးတော့လေ။ ဘယ်လို စဉ်းစားလို့မှ မရတာ။ ဒါပေမဲ့ သူတို့ အဖေက ၀ါသနာပါတာ လုပ်ပါစေ ဆိုပြီး ကြည့်နေလိုက်တာ အခု ၁၀ နှစ် တောင်ရှိခဲ့ပြီ” ဟု ဆိုလေသည်။

မင်းခသရုပ်ဆောင်လုပ်နေ စဉ်မှာလည်း အချို့က ဦးစောမြစ် အဖြစ်သိကြသူများရှိသလို အများစု ကတော့မသိကြ။ သို့သော်လည်း သူ့အနုပညာ လုပ်ငန်းတွင်တော့ အဘိုးကြောင့် တစ်စုံတစ်ရာ အရိပ် မထင်ခဲ့ဟု ဒေါ်မွန်မွန်ရင်ကဆိုသည်။

ထိုကဲ့သို့ ဦးစောမိသားစုကို သိရှိဆက်ဆံ ရင်းနှီးကြသူများဖြင့် တဖြည်းဖြည်း ပြောင်းလဲမှုများ ရှိလာခြင်းတို့က ဒေါ်မွန်မွန်ရင် လက်ထက်ကပင် စခဲ့သည်ဆိုကလည်း မမှားပေ။ အာဇာနည်နေ့နီးတိုင်း ပြုလုပ်လေ့ရှိသည့် ဟောပြောပွဲများ၊ ကျောင်း တွင်းလှုပ်ရှားမှုများလုပ်သည့် ရက်များဆိုလျှင် ဒေါ်မွန်မွန်ရင် မိဘများက သူမကို ကျောင်းသို့မလွှတ်တော့။ ဖခင်တာဝန်ကျရာ မော်လမြိုင်မြို့ရှိ မော်ဒလိန်းကျောင်းတွင် ၄တန်းမှ ရ တန်းအထိတက်ခဲ့စဉ်က အမှတ်တရ တစ်ခုရှိခဲ့ဖူးသည်။

ဦးစော၏ မြေးမှန်း မြို့ကလူများရော ကျောင်းကပါ သိကြသည့်မို့ မိဘများက အာဇာနည်နေ့ အကြိုနေ့မျိုးတွင် ကျောင်းလွှတ်ရန် စိတ်ပူပန်ခဲ့သည့်အတွက် ကျောင်းမတက်ခဲ့ရ။ ထိုအကြောင်းကို ကျောင်းမှ အကြီးတန်း ကျောင်းသားများက သိကြသည့်အခါ သူ့ထံလာရောက်၍ အားပေးနှစ်သိမ့်စကား ပြောခဲ့ဖူးသည်ကို ဒေါ်မွန်မွန်ရင်မမေ့ခဲ့။ ကျောင်းသားကြီးများ၏ ထိုသို့ အားပေးနှစ်သိမ့်မှုများက ဒေါ်မွန်မွန်ရင်ကို အတော်ပင် အားတက်စေခဲ့သည်။

“ကျောင်းဟောပြောပွဲတွေမှာဆို အတန်းကြီးတွေက ပြောတာကိုး။ အဲဒီရက်မှာ ကျောင်းမတက်တာ သိတော့ သူတို့က နောက်နေ့ အတန်းထဲကို လာပြောတယ်။ ဒါက သမိုင်းကို ပြောတာပေါ့နော်။ နင်တို့နဲ့ မဆိုင်ဘူးပေါ့။ ကျောင်းမတက်ဘဲ မနေနဲ့။ နောက်ဆိုရင် လာတက်။ နားထောင်ပေါ့ ဆိုတာနဲ့ နောက်နှစ်တွေက စပြီး အဲလိုပွဲတွေ သွားတက်ဖြစ်တယ်” ဟု မိဘများက စိတ်ပူသော်လည်း ကလေးအချင်းချင်း ပြဿနာ မရှိခဲ့ဘဲ နားလည်မှုရခဲ့ပုံကို ဒေါ်မွန်မွန်ရင်က ရှင်းပြသည်။

နောက်ပိုင်းမော်လမြိုင်မှ ရန်ကုန်သို့ ပြန်ပြောင်းလာကာ အထက ၂ စမ်းချောင်း(စိန်ဖလိုး)သို့ ကျောင်းပြောင်းခဲ့သည်။ ၈ တန်းမှ ၁၀ တန်းအထိ တက်ခဲ့ခြင်းဖြစ်ကာ ကျောင်းပြောင်းစတွင် သူ့ကို အတန်းကြီးများက ဦးစောမြေးအဖြစ် လာရောက်ကြည့်ရှုကြသည်မှအပ အခြားပြဿနာ တစ်စုံတစ်ရာမရှိခဲ့။

“မိန်းကလေးကျောင်းဆိုတော့ အစ်မကြီးတွေပေါ့။ လာကြည့်ကြတယ်။ အုပ်စုလိုက် လာကြည့်ပြီးမှ အားနာသွားပြီး သြော် အသစ်ဆိုလို့ လာကြည့်တာပါ။ ဘာညာနဲ့ လျှောချသွားတယ်။ သူငယ်ချင်းတွေက ကိုယ်နဲ့ ပေါင်းကြည့်တယ်။ အဆင်ပြေတော့လည်း ခင်မင်ရင်းနှီးသွားတာပါပဲ” ဟု ဒေါ်မွန်မွန်ရင်က ပြောသည်။

သေနတ်ဒဏ်ရာ တစ်ဆယ့်သုံးချက် ထိမှန်ကျဆုံးခဲ့ရသည့် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုနှင့် ထိုလုပ်ကြံ သတ်ဖြတ်မှု၏ ဦးဆောင်တရားခံ ဦးစောမိသားစု ကြားတွင်လည်း သည်ဆယ်စုနှစ်များစွာအတွင်း တွေ့ဆုံဆက်ဆံမှု တစ်စုံတစ်ရာ မရှိခဲ့သော်လည်း ထိုသမိုင်းဝင်ဖြစ်ရပ်အတွက် နာကြည်းမုန်းတီးမှုတို့ကို မတွေ့ရသည်က ဒေါ်ခင်ကြည် စိုက်ပျိုးထားသည့် လီလီပန်းများကို ဦးစောမြေး မင်္ဂလာဆောင်တွင် အသုံးပြုရန် ငြင်းပယ်ခြင်းမရှိခဲ့သည့် အဖြစ်အပျက်တစ်ခုကသာ ပြသနေသည်မဟုတ်။ ဦးစောမိသားစုအတွက် အမြဲကျေးဇူးတင် နွေးထွေးနေခဲ့ရသည်ဆိုသော ဒေါ်ခင်ကြည်၏ အမှတ်တရ စကားတစ်ခွန်းလည်း ရှိပါသေးသည်။

လွတ်လပ်ရေးရပြီး နိုင်ငံတော် လုပ်ကြံမှုနှင့်ပတ်သက်၍ ဒေါ်ခင်ကြည်အား နစ်နာကြေး တောင်းခံနိုင်ရန် တရားစွဲဆိုနိုင်သေးကြောင်း အကြံပြုသူရှိခဲ့သော်လည်း ထိုအချိန်က ဒေါ်ခင်ကြည် ပြောခဲ့သည့်စကားကို ဒေါ်မွန်မွန်ရင် အဘွားမှသည် မိသားစုအားလုံးက မမေ့နိုင်ခဲ့ကြ…။

“အန်တီဒေါ်ခင်ကြည်က ဘာပြောခဲ့လဲဆိုတော့ ဒေါ်သန်းခင်က မျက်နှာမရှိဘဲ ဖြစ်ရတဲ့ မုဆိုးမ။ ကျွန်မက ဂုဏ်ရှိပြီး ကျန်ခဲ့ရတဲ့ မုဆိုးမပါ။ ဒါကြောင့် ဒေါ်သန်းခင်ဆီက ကျွန်မ ဘာမှ မယူလိုတော့ပါဘူးတဲ့။ အဘွားက အဲဒီစကားကို အခုထက် ထိမမေ့ပါဘူး” ဟုဆိုလေသည်။

ထိုအမှတ်တရများနှင့်အမှတ်တရ မင်္ဂလာဘိသိက ်အဖြူရောင် လီလီပန်းလေးများကပင် မိသားစုနှစ်စုကြား အဃာတတရား မရှိခဲ့ခြင်းကို သက်သေပြနေသည်။

ဒေါ်မွန်မွန်ရင်က ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဒေါ်အောင်ဆန်းစုကြည်ကို အပြင်တွင် မတွေ့မမြင်ဖူးဘဲ အခြေအနေပေးခဲ့၍ တွေ့ခွင့်ရခဲ့ရပါက တွေ့လိုစိတ် ပြင်းပြင်းပြပြ ဖြစ်မိသော်လည်း တကယ်တမ်း တွေ့ရမည်ဆိုခဲ့လျှင်လည်း တွေ့ဖို့ မဝံ့ရဲကြောင်း ဖွင့်ဟသည်။

“ကိုယ်က ဒီမှာတောင် ငုံ့နေရတဲ့သူလေ။ ဒေါ်စုကတော့ Image အရမ်းကြီးတယ်။ ကမ္ဘာကတောင် အသိအမှတ်ပြုခံရတဲ့သူ ဆိုတော့လေ။ ဘာနဲ့မှ နှိုှုင်းယှဉ်လို့ မရပါဘူး။ မိသားစု သမိုင်းကြောင်းတွေကြောင့် တွေ့ဖူးချင်ပေမယ့်လည်း မတွေ့ရဲပါဘူး။ မေမေတို့တုန်းက ဆိုရင်တော့ တစ်မျိုးပေါ့လေ” ဟု ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြောင်းနှင့် ပြောစရာ မရှိအောင်ပင် ကွာခြားမှုများပါကြောင်း ဒေါ်မွန်မွန်ရင်က ဆိုသည်။

ဒေါ်မွန်မွန်ရင်တို့ ဦးစောမျိုးဆက် မိသားစုဝင်များနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကမူ အပြစ်မရှိသူ မိသားစုဝင်များ အပြစ်ရှိသလို ခံစားနေရခြင်းကို စိတ်မကောင်းဖြစ်မိကြောင်း ကရုဏာစကား ဆိုပါသည်။

“ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေက ဘာမှ လုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့အဘိုးကလည်း သူ့အပြစ်အတွက် ဥပဒေအရခံသွားပြီပဲ။ ကျန်တဲ့လူမှာ ဘာအပြစ်မှမရှိဘူး။ ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့ကိုယ်သူတို့လည်း အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။

မိသားစုဝင်များနှင့်သာမဟုတ် ဦးစောအပေါ်ကိုပင် မည်သို့မျှ သဘောမထားကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ “ဖေဖေနဲ့ ပတ်သက်ပြီး တွေးရင် ဦးစောကြောင့် ဖေဖေ ဆုံးသွားတယ်လို့ ဘယ်တုန်းကမှ မမြင်ဘူး။ ပြီးတော့လည်း နိုင်ငံရေးမှာ ဒီလိုပဲ ဖြစ်တတ်ပါတယ်””ဟု ဆိုလေသည်။

ဒေါ်မွန်မွန်ရင်ကတော့ သမိုင်းမှတ်တမ်းများမှာ မိသားစုနှစ်ခုကြား၌ ဖြစ်တည်ကွာခြားချက်များစွာ ရှိသော်လည်း ထိုကွာခြားမှုကြား တူညီမှုတစ်ခု ရှိမည်ဆိုသည်ကို ယခုလိုယုံကြည်မှု ပြည့်ဝစွာဖြင့် ပြောပြသည်။
“တကယ်တော့ တိုင်းပြည်ကို ချစ်ကြတာချင်းတော့ အတူတူပဲနေမှာပါ” ဟူ၍ ဖြစ်လေသည်။

လွန်ခဲ့တဲ့ ၇ နှစ်က အာဇာနည်နေ့ဆောင်းပါး

Zawgyi Version

လွန်ခဲ့တဲ့ ၇ နှစ် ဘာမီဒီယာလွတ်လပ်ခွင့်မှ မရသေးခင်က အာဇာနည်နေ့ကိုုဂုဏ်ပြုနိုုင်ဖိုု့ ကြိုးစားခဲ့ပါတယ်။ ကိုုယ်လေးစားရတဲ့ ဆရာတွေက အားပေးချီးမြောက်ခဲ့ကြတာလည်း ခံခဲ့ရပါတယ်။ ရေးခဲ့ဖူးတဲ့ ဖော်ပြခံရဖူးတဲ့ ဒီစာလေးနဲ့ပဲ ဒီနေ့ ကျရောက်တဲ့ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၉ ရက် ၆၈ နှစ်မြောက်အာဇာနည်နေ့ကို အလေးအမြတ်ဦးညွှတ်လိုက်ရပါတယ်ခင်ဗျာ။

(၂၀၀၈ ခုနှစ်တုန်းက မြန်မာတိုင်း(မ်)ဂျာနယ်ရဲ့ သတင်းထောက်ဘဝနဲ့ ရေးခဲ့တဲ့ ဆောင်းပါးလေးပါ။ ဗိုလ်ချုပ်အကြောင်း ရေးရင် အပုဒ်လိုက် ဖြုတ်ခံရတဲ့အချိန်မှာ စာရေးသက်မရှိတဲ့ သတင်းထောက်တစ်ယောက်ရဲ့ ဆောင်းပါးလေးလေမို့လားမသိ ..။ ကျွန်တော့အတွက်တော့ မှတ်မှတ်ရရ ဒီစာလေး ဂျာနယ်မှာပါလာခဲ့ပါတယ်။ ဂျာနယ်တွေတခုတ်တရသိမ်းထားပေမယ့် စုပုံပြီးများလွန်းနေတာရယ်ကြောင့် အဲဒီ့အချိန်က ဖော်ပြခံခဲ့ရတဲ့ စာစောင်အမှတ်ကိုတော့ မသဲကွဲပါ။ ၂၀၀၈ ခုနှစ် ဇူလိုင် ၁၉ ရက်ရှိတဲ့ အပတ်ကစာစောင်လို့ပဲ မှတ်ရမှာပါ။ ရှိတဲ့မှတ်စုစာရွက်ထဲကပဲ ဒီစာကို ပြန်ကူးထားပါတယ်။ နောက် လွန်ခဲ့တဲ့ ရ နှစ်ကဆိုတော့ အဲဒီတုန်းက ခေါင်းစဉ်က ” ၆၁ နှစ်တိုင်ခဲ့ပြီဖြစ်တဲ့ ရင်ထဲက အာဇာနည်နေ့ ” ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။)



” ၆၁ နှစ်တိုင်ခဲ့ပြီဖြစ်တဲ့ ရင်ထဲက အာဇာနည်နေ့ ”

၂၀၀၈ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ဆိုရင် မြန်မာနိုင်ငံလွတ်လပ်ရေးအတွက်ကြိုးပမ်းရင်း အသက်ပေးခဲ့ရတဲ့ မျိုးချစ်အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ အထိမ်းအမှတ်နေ့ဟာ ၆၁ နှစ် တိုင်ခဲ့ပါပြီ။ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေဟာ သူတို့အသက်၊ သွေး၊ ချွေးနဲ့တိုက်ခိုက်တွန်းလှန်ခဲ့ရတဲ့ မြန်မာနိုင်ငံကြီး လွတ်လပ်ရေးရတာကို မျက်ဝါးထင်ထင် မြင်မသွားခဲ့ကြရပါဘူး။

ဒါပေမယ့် တတိယတန်းကျောင်းသားလေးတစ်ယောက်ကတော့ အာဇာနည်နေ့ဆိုတာကို သိရုံလေးနဲ့ အတန်းပိုင်ဆရာမကျွေးတဲ့မုန့်ကို ကျောင်းတက်ချိန်မှာ စားခွင့်ရခဲ့ဖူးပါတယ်။

လွန်ခဲ့တဲ့ ၁၈ နှစ်ဝန်းကျင်တုန်းက တတိယတန်းကျောင်းသားတစ်ယောက်ရဲ့ မှတ်သိစိတ်ထဲမှာ အာဇာနည်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်တွေမှန်း မသိတတ်သေးပါဘူး။
ဒါပေမယ့်
” ဖေဖော်ဝါရီဆယ့်သုံးမှာ ဗိုလ်ချုပ်မွေးနေ့ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး ရှေ့နေဦးဖာသား
ဇာတိနတ်မောက် မကွေးခရိုင် သိကြများခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဖွား မိခင်ဒေါ်စုသား
တစ်ထောင့်ကိုးရာလေးဆယ့်ခွန် ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ဘဝင်ညှိုး ဇူလိုင်တစ်ဆယ့်ကိုး
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်ဗိုလ်ချုပ်တို့ဖခင်
ကောင်းစေချင်တဲ့မှာစကား ငါတို့မမေ့အား ” ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းကဗျာလေးရယ်။

တတိယတန်း မြန်မာစာဖတ်စာအုပ် နောက်ဆုံးစာမျက်နှာမှာပါတဲ့ ” ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ဂျပန်ပြည်မှာကွယ် တကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲ ဒုက္ခခံကာ ကြံစည်တယ်… သူရဲကောင်းတို့ ဗိုလ်အောင်းဆန်းနဲ့အာဇာနည်တွေရယ် …” ဆိုတဲ့ သီချင်းကို ဆိုလိုက် ကြားလိုက်မိတဲ့အခါတိုင်း ကြက်သီးမွေးညင်းတွေ ထလာတတ်မြဲပါ။

မှတ်မှတ်ရရ ၄၃ နှစ်မြောက်အာဇာနည်နေ့မတိုင်ခင် နှစ်ရက်အလိုမှာ အတန်းပိုင်ဆရာမက အာဇာနည်နေ့အကြောင်းကို စာစီစာကုံးတစ်ပုဒ်ရေးခိုင်းတယ်။ အစ်ကိုတွေ အစ်မတွေမရှိတဲ့ သုံးတန်းကျောင်းသားတစ်ယောက်အတွက် အာဇာနည်နေ့နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို မိဘတွေကိုမေး၊ စာအုပ်စာတန်းတွေ ရှာခိုင်းပြီး စာစီစာကုံးတစ်ပုဒ်ဖြစ် အောင်ရေးရတယ်။

နောက်တစ်နေ့ စာစီစာကုံးစာအုပ်တွေ ထပ်ခိုင်းပြီးဆရာမက ကျောင်းသားတွေကို ဉာဏ်စမ်းမေးခွန်းတွေမေးတယ်။ မှန်အောင်ဖြေနိုင်တဲ့သူကို ကျောင်းတတ်ချိန်မှာ မုန့်ကျွေးမယ်၊ မုန့်စားခွင့်ပြုမယ်ပေါ့။ မှားတဲ့သူတွေကတော့ ခုံပေါ် တက် ပြီးမတ်တပ်ရပ်ရတယ်။

ကျောင်းသားလေးကလည်း စာစီစာကုံးကို အချက်အလက်တွေနဲ့ သေချာကြိုးစားရေးလာတာဆိုတော့ ကိုယ့်ဘာသာကို ယုံကြည်ချက်အပြည့်နဲ့ပေါ့။ အဲဒီအချိန်တုန်းက ဗိုလ််ချုပ်အောင်ဆန်းကဗျာကို ကျောင်းမှာမသင်ရသေးဘူး။ ဆရာမက တစ်ယောက်ပြီးတစ်ယောက် မေးခွန်းတွေမေးတယ်။ ဘယ်သူမှ ပြည့်စုံအောင် မဖြေနိုင်ကြဘူး။

ဆရာမမေးတာက ဗိုလ်ချုပ်မွေးတဲ့ခုနှစ်၊ ဗို်လ်ချုပ်ရဲ့မိဘတွေမည် စသဖြင့်ပေါ့…။ ကျောင်သားလေးကတော့ ဗို်လ်ချုပ်ကဗျာကိုရနေတော့ ခုံပေါ်တက်မတ်တပ်ရပ်နေကြတဲ့သူတွေကိုကြည့်ရင်း ဆရာမမေးသမျှှ ဖြေနိုင်မှာဘဲဆိုတဲ့ယုံကြည်ချက်အပြည့်နဲ့ မေးခွန်းတွေကိုဖြေရတယ်။ မေးခွန်းနဲ့တွေ့တော့ ကံကောင်းလို့ ခုံပေါ်တက်ရပ်ရတော့မလို့…။

ဆရာမမေးတာက အာဇာနည်ကိုးဦးအမည်။ တစ်ဦးချင်းဖြေနိုင်တယ်။ နောက်ဗိုလ်ချုပ်မွေးနေ့။ ၁၉၁၅ ဖေဖော်ဝါရီ ၁၃ ပေါ့။ ဖြေနိုင်တယ်။ ထပ်မေးတယ်။ ဗိုလ်ချုပ်ရဲ့ မိဘတွေအမည်။ ရှေ့နေဦးဖာနဲ့ မိခင်ဒေါ်စုပေါ့။ ဆရာမက မရပ်သေးဘဲ ထပ်မေးပြန်တယ်။ ဗိုလ်ချုပ်ရဲ့အဖေက ဘာအလုပ်လုပ်သလဲတဲ့။ ကျောင်းသားလေး တွေဝေသွားတယ်။ ချက်ခြင်းမဖြေနိုင်ဘူး။ ဗို်လ်ချုပ်အဖေရဲ့ အလုပ်အကိုင်ကို မသိဘူးဖြစ်နေတယ်။ ဆရာမကတော့ ပြုံးပြံုးလေးနဲ့ ထပ်ပြောတယ်။ သားရယ်..ဗိုလ်ချုပ်အဖေနာမည်သိပြီး အလုပ်အကိုင်ကျမှ ဘာလို့မသိရတာလဲတဲ့။ သေချာစဉ်းစားကြည့်ပါဦးပေါ့..။ ရှေ့နေဦးဖာရဲ့ အလုပ်အကိုင်ကို မပြောနိုင်တာနဲ့ ခုံပေါ်တက် မတ်တပ်ရပ်ရတော့မလို့..။

ကဗျာကို အလွတ်ရနေပေမယ့် စကားလုံးတစ်လုံးခြင်းစီကို ခွဲခြမ်းစိတ်ဖြာပြီး ပိုင်းခြားနားလည်အောင် စဉ်းစားနိုင်စွမ်းနုနယ်သေးတဲ့အရွယ်မှာ ဦးဖာဟာ ဗို်လ်ချုပ်ရဲ့အဖေမှန်းသိပေမယ့် ဦးဖာရဲ့အလုပ်အကိုင်ဟာ ရှေ့နေဆိုတာကို အတော်ကြာအောင် စဉ်းစားယူခဲ့ရတယ်။ နောက်မှ ဖြတ်ခနဲ ပေါ်လာတယ်။ ရှေ့နေပါ ဆရာမပေါ့..။

ကျောင်းတက်ချိန်မှာ ဆရာမခွင့်ပြုချက်နဲ့ ဆရာမကျွေးတဲ့မုန့်ကို သူငယ်ချင်းတွေအားလုံးရှေ့မှာ ဂုဏ်ယူစွာစားရင်း အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ အပေါ်ယံအမည်နာမကို သိကျွန်းရင်းနှီးယုံနဲ့ အကျိုးကျေးဇူးကို သုံးတန်းကျောင်းသားတစ်ယောက် ခံစားခဲ့ရတယ် …။

နောက်ပြီးတော့ ဆရာကမ ကျောင်းသားတွေအားလုံးကို အာဇာနည်နေ့ဖြစ်ပေါ်လာပုံ။ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ တိုင်းပြည်အပေါ်ထားတဲ့ စိတ်သဘောထားမြင့်မြတ်ပုံ၊ ဂဠုန်ဦးစောနဲ့အပေါင်းအပါတွေရဲ့ တိုင်းပြည်အပေါ်မထောက်မညှာ သွေးအေးရက်စက်ပုံနဲ့ အာဇာနည်နေ့ကို မမေ့သင့်တဲ့ အကြောင်းကို ကျောင်းသားတွေကို ရှင်းပြတဲ့အခါ မုန့်စားခွင့်ရလို့ ဂုဏ်ယူတဲ့ပျော်ရွှင်စိတ်တွေနဲ့အတူ နာကြည်းဝမ်းနည်းကြေကွဲမှုတွေကို အဲဒီ့အချိန်က တိုင်းသူပြည်သားတွေနဲ့ ထပ်တူထပ်မျှ ခံစားလိုက်ရတယ်။

ကိုယ်ကျိုးမဖက်ဘဲ တိုင်းပြည်ကောင်းစားဖို့ အနစ်နာခံဆောင်ရွက်ခဲ့တဲ့ ဗို်လ်ချုပ်အောင်ဆန်းရဲ့ ပုံရိပ်လွှာ၊ ဗို်လ်ချုပ်နဲ့စိတ်တူကိုယ်တူ လွတ်လပ်တဲ့တိုင်းပြည်တည်ထောင်ဖို့ ကြိုစားနေကြတဲ့ မျိုးချစ်ပုဂ္ဂိုလ်ကြီးတွေရဲ့ အားမာန်တွေဟာ သုံးတန်းကျောင်းသားလေးတွေရဲ့ သွေးထဲမှာ လှည့်ပတ်စီးဆင်းခဲ့ကြတယ်။

ဇူလိုင် ၁၉ ရက်နေ့ရောက်တိုင်း ဗို်လ်ချုပ်အောင်ဆန်းနဲ့ မျိုးချစ်ခေါင်းဆောင်ကြီးတွေရဲ့ တိုင်းပြည်အပေါ်အနစ်နာခံပေးဆပ်နိုင်ခဲ့တဲ့ စိတ်ဓာတ်တွေကို လေးစားဂုဏ်ယူစိတ်၊ ဗို်လ်ချုပ်တို့သာ အခုအချိန်ထိရှိနေသးရင်ဆိုတဲ့ လွမ်းတဲ့၊ နှမျောတဲ့ မချိတင်ကဲအတွေးတွေနဲ့အတူ အတန်းပိုင်ဆရာမတစ်ယောက်ရဲ့ ကျောင်းသူကျောင်းသားတွေအပေါ်ထားတဲ့ စိတ်အလှ ရုပ်အလှကို သင်ကြားပေးနိုင်ခဲ့တဲ့ စေတနာကို အမြဲဦးခိုက်အမှတ်ရနေမိပါတော့တယ်…။