ပြန်လာတော့ ယူနီစန်မှာ မနက်စာစားရင်း ဂျပန်မနဲ့ ကျုံးဘက်ဓာတ်ပုံထွက်ရိုက်ဖြစ်သေးတယ်။ မြောက်ဘက်နဲ့ အနောက်ဘက်တစ်ခြမ်းပေါ့..။ ကိုယ်တွေထွက်လာတဲ့အချိန်က သူများတွေနားတော့မယ့်အချိန်ဖြစ်နေလို့ တစ်ပုံစ နှစ်ပုံစရိုက်ပြီး ဦးလေးဒိုနဲ့ ကျူးပစ်များရှိရာကို နေ့လယ်စာအမှီ ချီတက်ကြတယ်။
နေ့လယ်ပြန်ချိန်းထားပေမယ့် သူလည်းကိုယ့်ဖုန်းမဆက်၊ ကိုယ်လည်း ဇာတ်လမ်းတွဲကြည့်ရင်း အိပ်ပျော်သွားတာမို့ ညနေငါးနာရီမှ ထွက်လာဖြစ်တော့တယ်။ ပြီးတော့ 7 Heaven မဏ္ဍပ်သွားမယ်လုပ်တယ်။ ဟိုရောက်တော့ ခြောက်နာရီထိုးတော့မယ်။ မဏ္ဍပ်ကသိမ်းနေပြီ။ အဲဒါနဲ့ပဲပြန်ကွေ့လာခဲ့ကြတယ်။ မလျော့သေးဘူး အတက်နေ့မနက် ရ နာရီချိန်းသေးတယ်။
အတက်နေ့မနက် ဖုန်းသံကြားလို့ကြည့်တော့ ရ နာရီခွဲ။ အိပ်ယာထဲမှာပဲရှိသေးတယ်။ ပြောသာပြောတာ သူလည်း မရောက်သေးဘူး။ ယူနီစန်ရောက်တော့ ၈ ခွဲတော့မယ်။ မနက်စာစားပြီး ချီတက်တော့ ၉ နာရီခွဲ ခွဲလုပြီ။ 7 Heaven ပဲ တန်းချီတက်ခဲ့တယ်။ မဏ္ဍပ်ပေါ်ကနေ ဟိုရိုက်ဒီရိုက်ရိုက်တယ်။ ပြီးတော့ အေးချမ်းမိုးနဲ့ နွယ်ဒါလီထွန်းတို့ကို ဓာတ်ပုံရိုက်ပြီး ကျံုးအရှေ့ဘက်ကို ဆက်ထွက်ခဲ့တယ်။ ဆိုင်ကယ်အပ်ပြီး အယ်လ်ပိုင်း မဏ္ဍပ်ဘက်ခနသွားကြည့်သေးတယ်။ ထုံးစံအတိုင်းလူပင်လယ်ကြီးမြင်တာနဲ့ အရှေ့ခြမ်းက ဟိုတယ်ခရီးမဏ္ဍပ် ဘက် ထွက်လာခဲ့ကြတယ်။
ပြီးတော့ ဦးလေးဒိုဆီမှာ ဂျပန်မနေခဲ့ပြီး ကိုယ်လည်း မိန်းထဲကသချင်္ာဆရာတွေဆီ ခဏရောက်သွားသေးတယ်။ ၃ နာရီလောက်ကြ မန္တလေးသင်္ကြန်ထုံးစံအတိုင်း လေပြင်းတွေတိုက်ပါလေရော..။ တော်တော်လေးကြာမှ မိုးလေးနည်းနည်းပါလာတယ်။ ဒါနဲ့ပဲ အပြင်မထွက်ဖြစ်တော့ဘူး။
ငယ်ငယ်ကတည်းက သင်္ကြန်ကို လည်စရာပျော်စရာလို့ထင်ခဲ့တာ နည်းပါတယ်။ သင်္ကြန်တွင်းဆို စာအုပ် ဖတ်ရင်ဖတ်၊ သိုင်းကားတွေကြည့်ချင်ကြည့်တာပဲ။ ဒီနောက်ပိုင်းတော့ သင်္ကြန်ဆို ဘုန်းကြီးဝတ်ပြီး တရားစခန်း ဝင်ဖြစ်တာများတယ်။ ခုနစ်နှစ်လောက်ရှိပြီ။ ဒီနှစ်အကြောင်းကြောင်းကြောင့် မဝတ်ဖြစ်ပေမယ့် နောင်နှစ်တော့ ဝတ်ဖြစ်ဖို့ပိုများမယ်ထင်တယ်။
မြန်မာနိုင်ငံမှာ သင်္ကြန်အတက်နေ့ကျင်းပနေဆဲ ဘော်စတွန်က မာရသွန်ပြိုင်ပွဲမှာ ဗုံးပေါက်ကွဲမှုဖြစ်လို့ လူ ၁၅၀ ကျော်ဒဏ်ရာရပြီး နှစ်ဦးသေတယ်လို့သိရပါတယ်။ သေဆုံးသူဦးရေက တိုးလာနိုင်တယ်လို့လည်း သတင်းတွေ ကဆိုတယ်။ သမ္မတကြီးအိုဘားမားက ဒါဟာ အကြမ်းဖက်မှုတစ်ရပ်ဖြစ်တယ်လို့ ပြောသွားတယ်။
ဘယ်နေရာ ဘယ်ဒေသမှာမှ၊ ဘယ်လိုအကြမ်းဖက်မှုမျိုးကိုမှ မတွေ့ချင်မမြင်ချင်ပါဘူး။
အတက်နေ့မှာ ခါတော်မှီသင်္ကြန်မိုးလေးရွာထားတော့ နှစ်ဆန်းတစ်ရက်နေ့မှာ ပိတောက်ပန်းတွေပွင့်မှာသေချာ တယ်။ နှစ်သစ်ပိတောက်တွေနဲ့အတူ မြန်မာနိုင်ငံသူနိုင်ငံသားများ၊ ကမ္ဘာသူကမ္ဘာသားများ ကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေ…။