Friday, September 11, 2015

ကဗျာဘူကေး ၇

Zawgyi Version

” ပူဖောင်းကွဲသူ “

ဟိုတုန်းကတော့ပူဖေါင်းလေးတွေလို ဖြူ မွေ့ပါးလျား
အဲဒီ နွေရာသီလေးကို ဘယ်သူမှခိုးမစားခဲ့ကြဘူး။

မြို့ကလေးရဲ့ရင်ဘတ်ကို ကြယ်သီးဖွင့်ပြီးကြည့်လိုက်ရင်
တိမ်တွေကိုဘယ်တော့မှ တွန်းမလှဲတတ်တဲ့ကောင်းကင်
မြင်ရတယ်။

နောက်တော့လည်း
ကျွန်တော်တို့ကျွတ်ကျွတ်ရွရွဝေးကွာသွား
ဘဝသံသရာဟာ သီချင်းထဲကလို
ရထားကြီးမဟုတ်တော့ဘူး
အကိုင်းချင်းမတူပေမယ့် ဒီအတိုင်းပွင့်ကြလိမ့်လို့
ကျွန်တော်ထင်မှတ်မှားခဲ့။

မြို့ကလေးကိုသတိရမိတဲ့တစ်နေ့မှာ
ကိုယ့်ကိုယ်ကို သတိမရတဲ့
နယ်လွန်သားတွေ ပြန်လည်ဆုံတွေ့ကြ
မေမေရယ်
ပူဖောင်းကိုမန်းမှုတ်သလို မှုတ်ခဲ့မိတဲ့အတွက်
ကျွန်တော်ဟာ ဝလုံးတစ်လုံးစာ စိမ့်ပြီးရှက်ခဲ့ရပေါ့။

အဲဒီမှာ
တချို့ဟာ ရယ်သလိုမောသလို အမှောင်ပွက်ပွက်ထ
တချို့ကျတော့လည်း
လိမ်မာပါးနပ်လွန်းတဲ့ အလင်းတန်းကြီး အမြှီးနှစ်ခွနဲ့။

မေမေ
အားလုံးက မမှားရအောင်
ကျွန်တော်ကပဲ မှားပေးလိုက်ပါတယ်။
ဘာပဲဖြစ်ဖြစ် အဲဒီပူဖာင်းလေးကို အသစ်ပြန်မှုတ်ဖို့
နက်ဖြန်ခါမှာမြို့ကလေးဆီ
ကျွန်တော်ဆက်ဆက်ပြန်လာမယ်….။

တာရာမင်းဝေ