Friday, March 20, 2015

ကဗျာဘူကေး ၆

” သံဝေဂ “

ရုပ်နဲ့နာမ်ကို လက်ခုပ်တီးလိုက်လို့
ကျွန်တော်ဟာ လူအဖြစ် မြည်ဟည်းလာသလား
ကိုယ့်အသံကို တစ်ပါးသူကြားသွားမှာ
အားနာလိုက်တာ။

စီးကရက်ကို တဟွတ်ဟွတ် သောက်မိတာလား
ချောင်းကို မီးညှိပြီး ဆိုးနေတာလား
ကျွန်တော့မှာဖြင့် စွတ်စို ဖျားနာခဲ့ရပြီ။

မေမေရေ …
ကြွေရင်လည်း မြေမှုန်တွေနဲ့ ဓာတ်ပြုရတာပေါ့
ကျွန်တော်ဟာ ကိုက်ခဲညောင်းညာနေတဲ့
လောကအဝါတစ်ပွင့်ပါပဲ

ခုတော့..
လေအလာကို မျှော်လင့်ရင်း ရနံ့ချိုချိုတွေ ပွင့်ရပါဦးမယ်။

တာရာမင်းဝေ
၂၀၀၂ ဇူလိုင်

Zawgyi Version