ညတုန်းက ကောင်းကောင်းအိပ်မပျော်တာနဲ့ မနက် ၁၁ နာရီလောက်မှ နိုးတယ်။ တနင်္ဂနွေနေ့ဖြစ်လို့ နှပ်နေတာလည်းပါတာပေါ့။ ဒီလိုနားရက်ဆို အခန်းအပြင်ဘက်မှာ တစ်ယောက်မဟုတ်တစ်ယောက်ဖွင့်တဲ့ သီချင်းသံတွေ ဘာတွေ ကြားရမြဲ။
နိုးလာတော့ အိပ်ချင်မူးတူးနဲ့ သန့်စင်ခန်းကိုအသွား နားထဲစွဲနေတဲ့ သီချင်းစာသားလိုလို ဘာလိုလို.. သိပ်တော့ မသဲကွဲဘူး။ သန့်စင်ခန်းပြန်ထွက်လာတော့မှ ကိုယ်ကြိုက်တဲ့သီချင်းတစ်ပုဒ်ကို မိန်းကလေးအသံနဲ့ ပီပီသသကြီးကို ကြားရတာ .. ဟမ် .. ဘာ .. အပြာရောင်အခန်းထဲက နင်လေပြေးထွက်သွား .. ဟုတ်လား။ အဲဒါ ကိုအောင့်သီချင်းပါ။ ကျောင်းသားဘဝထဲက ကြိုက်ခဲ့ဆိုခဲ့တဲ့သီချင်းပဲ။
ဒါနဲ့ အိပ်ချင်စိတ်ပျောက်သွားပြီး ကြည့်လိုက်တော့မှ ဒိတ်ဒိတ်ကြဲဘဲကြီးလုပ်ထားတာ။ သီချင်း နာမည်တောင် အပြာရောင်လမ်းခွဲပဲပေးထားတယ်။ လူပြောသူပြောများတဲ့ခွေထဲက ပထမဆုံးကြားမိတဲ့ သီချင်းပဲ..။ တစ်ပုဒ်နဲ့ပဲ လုံလောက်သွားတယ်။ နောက်သီချင်းတွေ ဆက်နားထောင်ကြည့်စရာကို မလိုတော့ဘူး။ သူ့ကြိုးစား အားထုတ်မှုတွေကို အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ဘယ်သူ့ဆီကဖြစ်ဖြစ် ဒီလိုမျိုးကြားလိုက်ရရင် လေတယ်လို့။ (ဒါတောင် ဖွင့်ထားတဲ့သူက Chorus ပိုဒ်လေးပဲ ယူထားတာပါလို့ ရှေ့နေက လိုက်တာမပါသေးဘူး)
ဒီအတိုင်းဆို ကိုယ်သိရသလောက် ဘယ်သူမှ ပြန်မဆိုသေးတဲ့ ကိုစု သီချင်းတွေလည်း မျက်ခုံးလှုပ်နေလောက်ပြီ။