ဆရာဝန်ကြီးဖြစ်ချင်တယ်
ငယ်ငယ်က ဆရာဝန်ကြီးဖြစ်ချင်ခဲ့တယ်။ တက္ကသိုလ်ဘုန်းနိုင်ရဲ့ နွေကန္တာဦးထဲက ဒေါက်တာနှင်းငွေ လိုမျိုး။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်ထဲက မောင် လိုမျိုးဖြစ်ချင်ခဲ့တယ်။ လူနာတွေကို ယုံကြည်မှုနဲ့ နွေးထွေးမှု ပေးနိုင်တဲ့ သမားတော်တစ်ယောက်ဘဝမျိုးကို လိုချင်ခဲ့တယ်။ ရှစ်တန်းလောက်အထိ အဲဒီအိပ်မက်ခိုင်မာ ခဲ့တယ်မှတ်တာပဲ။ ဆယ်တန်းပြီးရင် ငါတက်ရမှာ ဆေးတက္ကသိုလ်ပဲလို့လေ။ မေမေကလည်း သူ့ သားတော်မောင်ကို ဆရာဝန်တစ်ယောက်အဖြစ်ပဲ မြင်ချင်တာမဟုတ်လား။ အထက်တန်းကျောင်းသားဘဝရဲ့ စိတ်ဝင်စားမှုအဖုံဖုံကြောင့် ၉၉ ဆယ်တန်းအောင်တော့ ဂုဏ်ထူး သုံးဘာသာ။ သုံးဘာသာချင်းအတူတူတွေ မန္တလေးဆေးကျောင်းရောက်တဲ့အချိန် ကျွန်တော်တက်ခွင့်ရတာက ရေဆင်းမွေးမြူရေးဆေးတက္ကသိုလ်။ တက်ချင်တဲ့ကျောင်း တက်ခွင့်မရမှတော့ ရတဲ့မွေးဆေးကိုလည်း စွန့်လွှတ်ခဲ့တယ်။
အင်ဂျင်နီယာကြီးဖြစ်ချင်တယ်
ငယ်ငယ်က အင်ဂျင်နီယာတွေကို အားကျတယ်။ အင်ဂျင်နီယာကြီးလည်းဖြစ်ချင်တယ်။ ဘက်စုံထူးချွန်ကြတဲ့ စက်မှုကျောင်းသားတွေရဲ့ဘဝကိုလည်း ခံစားကြည့်ချင်တယ်။ ရှစ်တန်းလောက်မှာ ဆရာဝန်ထက် အင်ဂျင်နီယာပိုဖြစ်ချင်နေခဲ့ပြီ။ စာတွေအများကြီးကျက်ပြီး ခွဲရစိတ်ရတဲ့ဘဝထက် နည်းပညာတောထဲမှာ မျောချင်စိတ်ပိုခဲ့တယ်။ ဆယ်တန်းပြီးတဲ့အချိန်မှာ အမ်အိုင်တီမရှိတော့ဘူး။ ဒီလိုနဲ့ ဂျီတီစီဝင်ခွင့်တွေ ဝင်ဖြေ တယ်။ သွားလေသူကြီးရဲ့ ကျောက်ဆည်တက္ကသိုလ်စအဖွင့်မှာ မန္တလေးဂျီတီစီက ဝင်ခွင့်ဖြေတဲ့သူတွေကို စီမံချက်နဲ့ ခွဲတမ်းချလိုက်တာ ကျွန်တော် EP ရတယ်။ သင်ချင်တာ EC မို့ ပြောင်းလျှောက်ရင်း တကယ်တက်ရတော့ Civil ဆိုတဲ့ မြို့ပြကျောင်းသားဘဝကို ရပါလေရော။ Civil ကိုအထိုက်အလျောက် စိတ်ဝင်စားပြီး မြို့ပြအင်ဂျင်နီယာလမ်းကြောင်းပေါ်မှာလျှောက်တုန်း ငယ်အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ ရာမှာ ကျွန်တော့စိတ်ဝင်စားမှုက ပြောင်းသွားခဲ့ပြန်တယ်။ ဒီလိုနဲ့ ဂျီတီစီပြီးခဲ့ပြီး B.Tech မပါခဲ့ဘူး။ အင်ဂျင်နီယာတစ်ယောက်လည်း ပီပီပြင်ပြင်မဖြစ်ခဲ့ဘူး။
အာကာသယဉ်မှုးနဲ့ လေသူရဲဖြစ်ချင်တယ်
ဆယ်တန်းပြီးတော့ တက္ကသိုလ်ဝင်ခွင့်တွေလျှောက်တဲ့အခါ စစ်တက္ကသိုလ်လျှောက်ရင်ကောင်းမလားလို့ အများကြီးမဟုတ်တောင် နည်းနည်းတော့စဉ်းစားမိတယ်။ စဉ်းစားမိတာ လေသူရဲဖြစ်ချင်လို့။ နောက် အမ်းစထရောင်းလိုလည်းဖြစ်ချင်လို့။ စစ်တက္ကသိုလ်ကနေတဆင့် ထူးချွန်တဲ့သူတွေ လေသူရဲဖြစ်နိုင်တယ်လို့ အကြမ်းဖျင်းသိထားတော့ စစ်ထဲဝင်မှရမှာကိုး။ ကိုယ့်ပုံစံ ဂျစ်ကန်ကန် အချုပ်အချယ်မကြိုက်တာရယ်၊ ကိုယ်စဉ်းစားတဲ့အချိန်တုန်းက အုပ်ချုပ်တဲ့သူတွေနဲ့စနစ်ကို တူးခါးခဲ့တာရယ်ကြောင့် စစ်တက္ကသိုလ်ကို အလွယ်တကူပယ်ခဲ့တာပါပဲ။ လေသူရဲလည်းမဖြစ်နိုင်တော့သလို အာကာသယာဉ်မှူး အိပ်မက်ဆိုတာဝေးပေါ့။ အင်္ဂလန်လိုနေရာမှာကြီးခဲ့ရင်တော့ လေသူရဲမဖြစ်ရင်တောင် ခုဆို Double O ကျောင်းဆင်းတစ်ယောက်များ ဖြစ်နေမလားပဲ။ ဂျိမ်းစဘွန်းနဲ့ ဆားပုလင်းနှင်းမောင်လည်း လွှတ်ကြိုက်တာကိုးဗျ။
ငယ်အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ အတန်းပညာရေးက ရှည်လွန်းလှတယ်။ ဒီကြားထဲ ဟိုစိတ်ဝင်စား ဒီစိတ်ဝင်စားနဲ့ အိပ်မက်တွေက မပြီပြင်ခဲ့။ ဒါတောင် ဆယ့်သုံးတန်းပညာရေးကို မကျေနပ်သေးလို့ နောက်ထပ်သုံးနှစ်ပေါင်းပြီး ဆယ့်ခြောက်တန်းပညာရေးနဲ့ ဟိုကျောင်း ဒီကျောင်းက ဟိုဘွဲ့ဒီဘွဲ့တွေယူခဲ့ပြီး ကျောင်းသားဘဝကို ဖြတ်သန်းခဲ့တယ်။ အိမ်မှာ အပူအပင်တွေ ဘယ်လောက်ရှိရှိ ကျွန်တော်က ကျောင်းသားဘဝကို ခုံမင်ခဲ့တယ်။ လွယ်အိတ်ကြီးတစ်လုံးထဲ အိပ်မက် တွေ ရောလွယ်ပြီး ကျောင်းတော်စည်းကို ခင်တွယ်လွန်းခဲ့တယ်။ ငယ်ငယ်ကစွဲလမ်းခဲ့တဲ့ တက္ကသိုလ် နောက်ခံ ဝတ္တုတွေ ရုပ်ရှင်ဇာတ်လမ်းတွေက ကျွန်တော့ကို မိန်းမောစေခဲ့တယ်ထင်ပါ့။
ငယ်အိပ်မက်တွေအများကြီးထဲက ဆရာဝန်၊ အင်ဂျင်နီယာ၊ လေသူရဲဘဝတွေကို မရနိုင်တော့ဘူး။ နောက်ထပ် ငယ်အိပ်မက်တွေကျန်သေးတယ်။ အခု (၁) လို့ တပ်ထားမိတာ (၂) တွေ (၃) တွေလည်း ဆက်ရေးဖြစ်ဦးမယ် ထင်တယ်။