လွန်ခဲ့တဲ့ နှစ်လကျော်လောက်ကဖြစ်မယ်ထင်တယ်။ ရန်ကုန်က မိတ်ဆွေတစ်ယောက်က စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ် ဖတ်ပြီးပြီလားလို့ ဖုန်းမက်ဆေ့နဲ့မေးတော့ မဖတ်ရသေးဘူး။ ဘယ်သူရေးတာလဲလို့ပဲပြန်မေး လိုက်ပါတယ်။ စာရေးသူအမည်ရတော့ သြော် မသီတာ(စမ်းချောင်း)ကိုး.. ဒီစာအုပ် ဖတ်ဖြစ်အောင်ဖတ်မယ်လို့ တေးထားလိုက်တယ်။ ဒါပေမယ့် စာအုပ်ဆိုင်တန်းဘက် ခြေဦးမလှည့်မိ။ စာအုပ်တွေ မဝယ်ဖြစ်တာကလည်း ကြာပြီ။
ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၈ ရက်နေ့က ရာပြည့်မန္တလေးစာအုပ်ဆိုင် (၇) နှစ်ပြည့်နဲ့ အလင်္ကာစာပေဆုပေးပွဲ ဖိတ်စာ ရပါတယ်။ လကုန်ရက်ရုံးအလုပ်တွေရှုပ်နေတာနဲ့ လူချင်းရင်းတဲ့ ကိုပုညဆွေကို တွေ့မှပဲတောင်းပန်လိုက်မယ် ဆိုတဲ့အတွေးနဲ့ ပွဲလည်းသွားမတက်ဖြစ်ပါ။ စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ်ကို ဆုပေးတာဆိုမှပဲ စာအုပ်ဖတ်ဖို့ ပြန်သတိရမိတယ်။
စာအုပ်လက်ထဲရောက်တော့ မျက်နှာဖုံးအပြင်အဆင်ကစပြီး ကြည့်မိပါတယ်။ မျက်နှာဖုံးဒီဇိုင်းက ဆရာ မြင့်မောင်ကျော်ပါ။ ကိုယ်ကအပူရောင်တွေကို သိပ်မကြိုက်တတ်တော့ စာအုပ်ဖတ်မကြည့်ရသေးဘဲ ဘာကြောင့် အဖြူခံပေါ်မှာ ရိုးရိုးရှင်းရှင်း စကက်ချ်ဆွဲထားတာမျိုးမလုပ်တာပါလိမ့်လို့ တွေးမိပါတယ်။ ဆရာ ဦးဝင်းတင်၊ ဆရာဦးမျိုးမြင့်ငြိမ်းနဲ့ ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)တို့ သုံးဦးက ရှုထောင့်အသီးသီးက ချဉ်းကပ်ပြီး အမှာစာရေးပေးထားပါတယ်။
စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ်မှာ -
၁။ ဝိုးတဝါးအိပ်မက်များနှင့် လမ်းလျှောက်ခြင်း
၂။ အမှောင်တွင်းထဲသို့ လိမ့်ကျခြင်း
၃။ မိမိကိုယ်ကို ကုစားခြင်း
၄။ အမှောင်ထဲမှ လျှောက်ထွက်ခြင်း
၅။ အလယ်လမ်းမှာ လျှောက်လှမ်းခြင်း … ဆိုပြီး အခန်း ၅ ခန်း၊ ခေါင်းစဉ်ငယ်လေးတွေနဲ့ အတူ စာရေးသူ မသီတာရဲ့ ငယ်ဘဝ အိပ်မက်၊ ဆေးကျောင်းသူဘဝနဲ့ စာပေဝါသနာ၊ မြန်မာ့နိုင်ငံရေး ဇာတ်ခုံအခင်းအကျင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့စည်းရုံးရေးခရီးစဉ်အတွေ့အကြုံတွေ၊ အယ်ဒီတာဘဝနဲ့ အလုပ်သင်ဆရာဝန်ဘဝ နေ့ရက်တွေ၊ ငါးနှစ် ခြောက်လနှင့် ခြောက်ရက်ကြာဖြတ်သန်းခဲ့ရတဲ့ အင်းစိန်ထောင်ငရဲခန်းက ခါးသီးတဲ့ အတွေ့အကြံုတွေကို ဘယ်လိုရင်ဆိုင်ဖြတ်သန်းခဲ့တယ်ဆိုတာကို ရေးသားထားပါတယ်။
စာအုပ်မှာဖော်ပြထားတဲ့ အကြောင်းအရာတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ စာရေးသူရဲ့ခွင့်ပြုချက် မရဘဲ မဖော်ပြဖို့သတိပေးချက်ပါတဲ့အတွက် ဖတ်ကြည့်ဖို့ပဲတိုက်တွန်းချင်ပါတယ်။ (မာတိကာမှာပါတဲ့ အခန်း ငါးခန်းကို ခွင့်မတောင်းဘဲ ဖော်ပြထားမိပါတယ်။) ငါတို့စာပေက ထုတ်ဝေပြီး စာမျက်နှာ ၃၄၇ မျက်နှာ ပါဝင်ပါ တယ်။ တန်ဖိုးကတော့ ၄၀၀၀ ကျပ်ပါ။
အဖွင့် ဆရာဦးဝင်းတင်ရဲ့အမှာစာကစပြီး ထောင်အတွေ့အကြံုဝတ္တုရေးဖြစ်တဲ့အကြောင်း မသီတာ (စမ်းချောင်း)ရဲ့ ကျေးဇူးတင်စကားအထိ အစအဆုံးလက်ကမချဘဲ တစ်ထိုင်တည်းဖတ်ဖြစ်လို်က်တဲ့ စာအုပ်ဖတ်ဖြစ်တဲ့ တစ်ညနေပေါ့။